KIA နှင့် စစ်အစိုးရကြား ဆက်ဆံရေး ပိုတင်းမာလာ

KIA ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေအကြား အခုရက်ပိုင်းအတွင်း တင်းမာမှုတွေ ပြင်းထန်နေတယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။

2010.09.16
kio_mass_meeting_305_z.jpg ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ဧပြီ ၁၆ ရက်က ကျင်းပသော နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လူထုအစည်းအဝေးသို့ တက်ရောက်သည့် KIO ၊ KIA ခေါင်းဆောင်များနှင့် ပြည်သူလူထု ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲဖို့ ဒါမှမဟုတ် လက်နက်ချဖို့ စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို ကေအိုင်အိုအဖွဲ့က ငြင်းပယ်လိုက်ပြီးတဲ့ နောက်ပိုင်း ကေအိုင်အိုအဖွဲ့ဝင်တွေကို ထိန်းချုပ်နယ်မြေ ပြင်ပနယ်မြေတွေကို သွားလာခွင့် ကန့်သတ် ထိန်းချုပ်လိုက်တဲ့ အတွက် အခြေအနေတွေ သိသိသာသာ တင်းမာလာတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလ ၁၂ ရက်နေ့က ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာကနေ မြစ်ကြီးနားဘက်ကို သွားမဲ့ ကေအိုင်အေ အရာရှိ ၃ ဦးကို တနိုင်းမြို့ အထွက်ဂိတ်မှာ စစ်အစိုးရ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ဝင်တချို့က ဟန့်တားခဲ့တဲ့အတွက် နှစ်ဖက် အချေအတင် ဖြစ်ခဲ့ကြတယ်လို့ ကေအိုင်အေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

“KIA နဲ့ ရုတ်ရုတ် ရုတ်ရုတ် တခေါက် ဖြစ်သွားတယ်လေ။ အဲဒါကြောင့်မို့လို့ KIA တွေကို မြစ်ကို မကျော်ခိုင်းဘူးလေ၊ သူတို့ KIO ဟိုးဖက်မှာ နေတဲ့ လူက ဒီ မြို့ဖက်ကို မတက်ရဘူးပေါ့။ အဲဒါမျိုး လုပ်ထားတော့ အေး မင်းတို့ ငါတို့ ကချင်ပြည်နယ်က ကချင်ပြည်နယ်သား ကချင်ပြည်နယ်မှာ သွားချင်သလိုသွား လာချင်သလို လာလို့ ရတယ်ပေါ့။ အဲဒါနဲ့ တော်တော်လေးကို ဖြစ်သွားကြတယ်။ အခုချိန်ထိ နည်းနည်း တင်းမာနေတယ်၊ အဲဒီဖက်က။ KIA အရာရှိဖက်ကနေပြီးတော့ သူက ဒီ အစည်းအဝေးလာကြတာလေ။ လာတဲ့အခါမှာ စစ်တပ်ကနေပြီးတော့ မသွားခိုင်းတာပေါ့။ ထောက်လှမ်းရေးကနေပြီးတော့ မသွားရဘူးပေါ့။ သွားမယ် မသွားဖူးပေါ့။ အဲဒီမှာ တော်တော်လေး စစ်တပ်တွေရော၊ ရဲတွေရော လာပြီး တော်တော်လေး ပြဿနာ တက်သွားကြတယ်တဲ့။ အဲဒါ ပြဿနာ တက်သွားတာနဲ့ နောက်ဆုံး KIA က သူတို့ စခန်းကို တပ်ရင်းကို ပြန်သွားတယ်တဲ့။ ၁၂ ရက်နေ့က နေ့လည်ပေါ့။”

စစ်အစိုးရ စအဖတပ်နဲ့ ကချင် ကေအိုင်အေ အရာရှိတွေ နှစ်ဖက်အချေအတင် စကားများခဲ့ပေမဲ့ ပစ်ခတ်မှု တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။ ကေအိုင်အေတပ်ဖွဲ့ဝင်တွေဟာ ဒီဒေသတွေမှာ အရင်က နေ့ ည အချိန်မရွေး သွားလာခွင့် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ အမည်မဖော်လိုတဲ့ ကေအိုင်အေ အရာရှိ တဦးကလည်း အတည်ပြု ပြောဆိုပါတယ်။ စစ်အစိုးရဟာ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကိစ္စကို အေအိုင်အို အဖွဲ့က ငြင်းပယ်လိုက်ပြီးနောက်ပိုင်း အေအိုင်အို ထိန်းချုပ်နယ်မြေ အနီး တပ်တွေ တိုးချနေတဲ့အတွက် စစ်ဖြစ်ပွားမှာ ဒေသခံတွေ အထူး စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။