ယာယီနိုင်ငံကူးလက်မှတ် ဘန်ကောက် မြန်မာသံရုံးမှာ သက်တမ်း တိုးနိုင်ပြီ
2011.07.06

(Photo: RFA)
၂၀၀၈ ခုနှစ်က ယာယီနိုင်ငံကူး လက်မှတ် စတင် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်နေသူတွေဟာ အခု ဇူလိုင်လမှာ သက်တမ်း ကုန်သွားတဲ့ နိုင်ငံကူး လက်မှတ် အတွက် နောက်ထပ် ၃ နှစ်စာ သက်တမ်း တိုးရာမှာ သွားလာရေး အဆင်ပြေအောင် အခုလို စင်တာ၂ ခု ဖွင့်ထားတာ ဖြစ်ကြောင်း ဘန်ကောက် မြန်မာ သံရုံးက ဝန်ထမ်း တဦးက ပြောပါတယ်။
ဒီလို သက်တမ်းတိုးဖို့ အတွက် ထိုင်းဘတ်ငွေ ၄၅၀ ကုန်ကျမှာ ဖြစ်ပါတယ်၊ ဇူလိုင်လ ၁ ရက်နေ့ကနေ စတင်ပြီးတော့ အလုပ်သမားတွေရဲ့ အသစ် လုပ်မယ့် နိုင်ငံကူး လက်မှတ် သက်တမ်းကိုတော့ ၆ နှစ် တခါတည်း ပေးမယ်လို့ မြန်မာ အစိုးရက ဆိုပါတယ်။
မြန်မာ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်နေသူ အရေအတွက်ဟာ ၅ သိန်း ဝန်းကျင်မှာ ရှိနေပြီး၊ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ခွင့် ရဖို့ လျှောက်ထားသူ အရေအတွက်ဟာ ၃ သိန်း ဝန်းကျင် ကျန်ရှိနေပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကစလို့ ယခုလ ၁၄ ရက်နေ့ အထိ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို မှတ်ပုံတင်ခွင့် ထိုင်းအစိုးရက ဖွင့်လှစ်ပေးခဲ့တဲ့ အတွက် ဒီအလုပ်သမားတွေ ဟာလည်း အလုပ်သမား ဘတ်လက်မှတ် ရရှိပြီးပြီဆိုရင် ယာယီ နိုင်ငံကူး လက်မှတ်ကို ဆက်လက် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။