တယ်လီနော ဆင်းကတ် မန္တလေးမှာ စရောင်းမည်
2014.09.26

နော်ဝေးအခြေစိုက် တယ်လီနောကုမ္ပဏီရဲ့ မိုဘိုင်းဖုန်း Sim Card တွေကို စက်တင်ဘာ ၂၇ ရက် စနေနေ့မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။
တယ်လီနောကုမ္ပဏီရဲ့ ဆင်းကတ်တွေကိုလည်း ကျပ်ငွေ ၁၅ဝဝ နဲ့ရောင်းချမှာဖြစ်ပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ မန္တလေးမှာ ဦးဆုံးပထမ စတင်ရောင်းချမှာဖြစ်ပြီး၊ နောက် သီတင်းတစ်ပတ် မှာ နေပြည်တော်၊ အဲဒီနောက် ရန်ကုန်မှာရောင်းချဖို့ စီစဉ်ထားကြောင်း တယ်လီနောရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်ချုပ်က ပြောပါတယ်။
မန္တလေးမှာ စတင်ရောင်းချရတာက မန္တလေးမှာ တာဝါ တိုင် ၇ဝ စိုက်ထူပြီးဖြစ်လို့ ဆက်သွယ်ရေး စံချိန်စံနှုန်း ပိုကောင်းတဲ့နေရာက စတင်တာဖြစ်ပြီး၊ ကျန်တဲ့ တိုင်း နဲ့ ပြည်နယ်တွေကို ဒီဇင်ဘာလအတွင်း ရောင်းချနိုင်မယ် လို့ ဆိုပါတယ်။ အဲဒီ မြို့ကြီးသုံးမြို့မှာ လာမယ့်သီတင်း ပတ်တွေအတွင်း အရောင်းဆိုင်ပေါင်း တစ်သောင်းနှစ်ထောင်ကနေ ဆင်းကတ်တွေဝယ်ယူနိုင် မယ်လို့လည်း ပြောပါတယ်။
ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီကတော့ ပြီးခဲ့တဲ့ သြဂုတ်လ၂ ရက်နေ့က လုပ်ငန်းစတင်ခဲ့ပြီး အခုထိ ဆင်းကတ်ပေါင်း တစ်သန်းဝန်းကျင် ရောင်းချခဲ့ရကြောင်း သိရပါတယ်။ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး MPT က ရောင်းချနေတဲ့ ဆင်းကတ်တွေလည်း အဝယ်လိုက်နေတယ်လို့ဆိုပါတယ်။
အခုလို မိုဘိုင်းဖုန်းဈေးကွက်မှာ ရွေးချယ်စရာတွေ များပြားလာတာကြောင့် ဝန်ဆောင်မှုတွေ ပိုပြီးကောင်းလာနိုင်တယ် လို့ မျှော်လင့်နေကြသူတွေရှိသလို၊ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ နည်းပါးနေသေးတာကြောင့်၊ ဆက်သွယ်ရေးကဏ္ဍမှာ အိမ်နီးချင်း ထိုင်းနိုင်ငံကိုမီဖို့ အတော်ကြိုးစားရဦးမယ်လို့ ပြောဆို သူတွေလည်းရှိပါတယ်။