တယ်လီနောသုံးစွဲသူတွေရဲ့ အချက်အလက် မြန်မာစစ်တပ်ဆီ မရောက်ရေး နော်ဝေ ကာကွယ်မပေးနိုင်

2022.02.16
တယ်လီနောသုံးစွဲသူတွေရဲ့ အချက်အလက် မြန်မာစစ်တပ်ဆီ မရောက်ရေး နော်ဝေ ကာကွယ်မပေးနိုင်
Photo: Reuters

တယ်လီနောမြန်မာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်တပ် လက်ထဲ မရောက်အောင် နော်ဝေအစိုးရက ကြိုတင်ကာကွယ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ နော်ဝေ စက်မှုဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တဲ့အကြောင်း Reuters သတင်းမှာ မနေ့က ဖေ်ပြထားပါတယ်။

တယ်လီနောဆက်သွယ်ရေးလုပ်ငန်းကို အများစုပိုင်တာက နော်ဝေနိုင်ငံပါ။ အခု မြန်မာပြည်မှာ လုပ်ကိုင်နေတဲ့ တယ်လီနောလုပ်ငန်းတွေကို ရောင်းချဖို့ စီစဉ်နေတဲ့အခါ မြန်မာစစ်တပ်နဲ့ ဆက်စပ်မှုရှိတဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီက လုပ်ငန်းရဲ့ ၈ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာဖြစ်ပြီး ကျန်တာကို လက်ဘနွန်နိုင်ငံက M1 ကုမ္ပဏီကပိုင်လိမ့်မယ်လို့ Reuters က ဆိုပါတယ်။

အဲဒါကြောင့် တယ်လီနော သုံးစွဲတဲ့ မြန်မာပြည်သူ ၁၈ သန်းရဲ့ အချက်အလက်တွေ စစ်အုပ်စုရဲ့ လက်ထဲရောက်သွားမှာကို စိုးရိမ်လို့ အကာအကွယ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ မြန်မာနိုင်ငံက အရပ်ဘက် အဖွဲ့အစည်းတွေက တယ်လီနောကုမ္ပဏီကို ဖိအားပေးတောင်းဆိုနေကြပါတယ်။

သုံးစွဲသူတွေရဲ့ အချက်အလက်တွေ စစ်အာဏာရှင်လက်ထဲ ရောက်သွားမယ့်အရေး တယ်လီနောကုမ္ပဏီက ကြိုတင်ကာကွယ်မပေးနိုင်ဘူးလို့ နော်ဝေစက်မှုဝန်ကြီး Jan Christian Vestre က နော်ဝေလွှတ်တော်ကို ပြောခဲ့ပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ Reuters သတင်းဌာနက စစ်ကောင်စီကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။