တယ်လီနောကုမ္ပဏီကို လွှဲပြောင်းရောင်းချဖို့ စစ်ကောင်စီ ခွင့်ပြု

2022.03.18
တယ်လီနောကုမ္ပဏီကို လွှဲပြောင်းရောင်းချဖို့ စစ်ကောင်စီ ခွင့်ပြု တယ်လီနော ဆင်းကတ်အရောင်းဆိုင်ရှေ့တွင် တန်းစီဝယ်ယူနေသူများကို ၂၀၁၄ အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီနော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအားလုံးကို လက်ဘနွန် အခြေစိုက် M1 Group ထံ ရောင်းချမှုအတွက် စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အပြီးသတ်အတည်ပြု ပေးလိုက်ပြီလို့ တယ်လီနောအုပ်စုက မတ်လ ၁၈ ရက် ဒီနေ့ ကြေညာပါတယ်။

တယ်လီနောကုမ္ပဏီကထုတ်ပြန်တဲ့ ကြေညာချက်မှာ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက ထွက်ခွာရခြင်းဟာ ကုမ္ပဏီရဲ့ လုပ်ငန်းအပေါ် တာဝန်ခံမှုနဲ့ လူ့အခွင့်အရေး စံနှုန်းတွေအရ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ဥပဒေနဲ့ ဥရောပ ဥပဒေတွေဟာ ဝိရောဓိဖြစ်နေတယ်လို့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Sigve Brekke က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံက အခြေ အနေ တွေဟာ ဆိုးဝါးနေပြီး သူတို့ထွက်ခွာသွားလို့ ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့သူတွေရဲ့ လုံခြုံရေးအတွက်လည်း တာဝန်ခံရမှာဖြစ်တယ်လို့ ပြောပါတယ်။

နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောက မြန်မာနိုင်ငံက လုပ်ငန်းတွေကို M1 Group ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းထုတ်လိုက်ပြီလို့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ၈ လကျော်အကြာ ဒီနေ့မှာတော့ နောက်ဆုံး အပြီးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

M1 Group အနေနဲ့လည်း လက်ရှိဆက်သွယ်ရေးလုပ်ငန်းတွေ အဆက်မပြတ်ဘဲ လုပ်ငန်းလွှဲပြောင်းရယူမှုကို အမြန်ဆုံး အပြီးသတ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တယ်လီနောရဲ့ ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ လုပ်ငန်းစဉ်တွေအားလုံး လွှဲပြောင်းဖို့ အကူးအပြောင်းကာလကို ၆ လ သဘောတူထားပြီး လက်ရှိ Telenor Myanmar ဆိုတဲ့ အမှတ်တံဆိပ်အောက်မှာ ၄ လပဲ ဆက်လက်လည်ပတ်တော့မယ်လို့ ပါရှိပါတယ်။

M1 Group က လက်ရှိ မြန်မာနိုင်ငံမှာ ဝယ်ယူလိုက်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို သူတို့ရဲ့ မိတ်ဖက် Investcom PTE Ltd. က တာဝန်ယူမှာဖြစ်ပြီး မြန်မာစစ်တပ်နဲ့ ဆက်စပ်မှုရှိတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ရှိ ဝယ်ယူ လိုက်တဲ့ လုပ်ငန်းတွေကို မြန်မာစစ်တပ်နဲ့ ဆက်စပ်မှုရှိတဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီက ၈ဝ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်ပြီး ကျန်တာကို M1 ကုမ္ပဏီက ပိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။