တယ်လီနောမြန်မာဟာ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေအရ ထိန်းသိမ်းဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ဆေးအရေးယူပေးဖို့ တယ်လီနောမြန်မာလိုင်း အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ယောက်က နော်ဝေအစိုးရရဲ့ Norwegian Data Protection Authority အချက်အလက် ကာကွယ်ရေးဌာနကို ဖေဖော်ဝါရီ ၈ ရက်မှာ ဦးတိုက်လျှောက်ထားလိုက်ပါတယ်။
ဒီလိုတိုင်ကြားနိုင်ဖို့အတွက် နယ်သာလန်အခြေစိုက် SOMO လို့ခေါ်တဲ့ နိုင်ငံများပူးပေါင်းဆောင်ရွက်မှု သုတေသနဗဟိုအဖွဲ့က ကူညီပြီး နော်ဝေအခြေစိုက် SANDS ဆိုတဲ့ ဥပဒေအဖွဲ့ကနေတဆင့် တိုင်ကြားလိုက်တာဖြစ်တဲ့အကြောင်း SOMO ရဲ့မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
RFA က ဖတ်ခွင့်ရတဲ့ တိုင်ကြားစာထဲမှာ တိုင်ကြားသူဘယ်သူ ဘယ်ဝါဆိုတာကို မှင်အမဲနဲ့ဖျက်ပြီး လျှို့ဝှက်ထားပါတယ်။
တယ်လီနောကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကစလို့ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ နော်ဝေကုမ္ပဏီ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေကြားမှာ ယုံကြည်မှုရခဲ့လို့ သုံးစွဲတဲ့သူ ၁၈ သန်းကျော် ရှိခဲ့ပါတယ်။
ဒါပေမဲ့ မနှစ်က စစ်အာဏာသိမ်းလိုက်တဲ့နောက် စစ်ကောင်စီရဲ့ ဖိအားတွေအောက်မှာ ဆက်လုပ်ဖို့ အခက်အခဲ ဖြစ်လာတဲ့အတွက် လက်ဘနွန်အခြေစိုက် M1 Group ကုမ္ပဏီကို ရောင်းမှာဖြစ်သလို၊ မြန်မာအခြေစိုက် ပုဂ္ဂလိကကုမ္ပဏီတစ်ခုကလဲ အစုရှယ်ယာရှင် ဖြစ်လာတော့မှာပါ။
အဲဒီလို ရောင်းလိုက်တဲ့အခါ တယ်လီနောက သူ့ဆီကဝယ်တဲ့ကုမ္ပဏီတွေဆီ လွှဲပြောင်းတဲ့အခါ သူအစဉ်အဆက်သိမ်းထားခဲ့တဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုပါ လွှဲပြောင်းရမယ်ဆိုရင် သုံးစွဲသူပါ နစ်နာရသလို၊ ဒီလုပ်ရပ်ဟာ GDPR – General Data Protection Regulation လို့ခေါ်တဲ့ အထွေထွေအချက်အလက်ကာကွယ်မှုဆိုင်ရာ ဥပဒေအရ ပုဒ်မ ၅(၁)၊ ၅ (၂) နဲ့ ပုဒ်မ (၆) ကို ဖောက်ဖျက်ရာရောက် မရောက်စစ်ဆေးပြီး ဝယ်ယူအသုံးပြုသူကို ကာကွယ်ပေးဖို့ ဦးတိုက်လျှောက်ထားတာ ဖြစ်ပါတယ်။
SANDS ဥပဒေအဖွဲ့က အချက်အလက်လုံခြုံရေးဥပဒေ ကျွမ်းကျင်သူ Ketul Sellaeg Ramberg က “ မြန်မာနိုင်ငံက တယ်လီနောသုံးသူတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှု ရှိ၊မရှိ သေချာအောင် ဆောင်ရွက်ရမှာ ဖြစ်သလို၊ ဒီကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပါတယ်” လို့ မနေ့က ထုတ်ပြန်ချက်မှာ ပြောဆိုလိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ တယ်လီနောကုမ္ပဏီကို RFA က အီးမေးလ်ကနေတဆင့် ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါ သူတို့ကုမ္ပဏီအနေနဲ့ မြန်မာပြည်က သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို လွှဲပြောင်းပေးမှာ မဟုတ်သလို GDPR ဥပဒေကလဲ မြန်မာပြည်ကသုံးစွဲသူတွေအပေါ် သက်ရောက်မှု မရှိပါဘူးလို့ တယ်လီနောရုံးချုပ်ရဲ့ ဆက်ဆံရေးဌာနအကြီးအကဲ မစ္စ ဂရီး ရို့ဒဲ နုဟုစ် ( Gry Rohde Nordhus ) က ပြောပါတယ်။
အဲဒီအပြင်သူက “တခြားနိုင်ငံတွေမှာဆိုရင် သုံးစွဲသူတွေရဲ့အချက်အလက်ကို ခဏတာပဲ သိမ်းဆည်းထားပေမယ့် မြန်မာပြည်မှာတော့ စာချုပ်သတ်မှတ်ချက်အရ အချိန်ကာလကြာရှည်တဲ့အထိ ထိန်းသိမ်းထားရတဲ့အကြောင်း၊ ဖျက်ဆီးလိုက်မယ်ဆိုရင် စာချုပ်ချိုးဖောက်တယ်လို့ သတ်မှတ်ခံရမှာ ဖြစ်တဲ့အကြောင်း၊ ဒီအခြေအနေဟာ မြန်မာပြည်ရဲ့ ထူးခြားမှုဖြစ်နေပြီး လူ့အခွင့်အရေးနဲ့ တစ်ဦးချင်းရဲ့ လုံခြုံရေးကို စိန်ခေါ်နေတာ ဖြစ်တဲ့အကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒါမှမဟုတ် ဒေသဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ပြုလုပ်ခဲ့ရင်လဲ လုံးဝလက်ခံမှာ မဟုတ်တဲ့ အကြောင်း ပြောပါတယ်။
အဲဒီအပြင် တယ်လီနောမြန်မာကို M1 Group ကုမ္ပဏီကို ရောင်းဖို့ ဥပဒေအရ ခွင့်ပြုချက်ကို စောင့်နေသလို၊ ရောင်းခွင့်ရလို့ လက်လွှဲမယ်ဆိုတာနဲ့တပြိုင်နက် သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ချိုးဖောက်ရာ မရောက်အောင် ရှောင်ကြဉ်မှာ ဖြစ်တယ်လို့လဲ မစ္စ ဂရီး ရို့ဒဲ နုဟုစ်က RFA ကို အီးမေးလ်ကနေတဆင့် ပြောပါတယ်။
မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီတွေဆီမှာ သိမ်းထားတဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေ၊ ဘယ်သူက ဘယ်သူ့ကို ဆက်သွယ်ထားတယ်ဆိုတဲ့ လျှို့ဝှက်မှတ်တမ်းတွေ ပေးရမယ်လို့ ညွှန်ကြားခဲ့ပါတယ်။
၂၀၁၃ မြန်မာ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ အရ၊ ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ အရေးပေါ်အခြေအနေတွေမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားခွင့်၊ ယာယီထိန်းချုပ်ထားခွင့် ရှိနေပါတယ်။ ဒါ့အပြင် Telenor အနေနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ တောင်းခံမှုအားလုံးကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီလိုပေးမယ်ဆိုရင် ကုမ္ပဏီအနေနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ရင်ဆိုင်ရနိုင်သလို စစ်ကောင်စီတောင်းတဲ့ အချက်အလက်တွေ မပေးရင်လဲ ပြည်တွင်းဖိအားတွေနဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ စာတိုက်နဲ့ ကြေးနန်းဌာနခွဲလက်အောက်က တယ်လီနော အရောင်းအဝယ်ကိစ္စ နောက်ဆုံးခွင့်ပြုချက်ဟာ နောက်တပတ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြီးပြတ်မယ်လို့ သိရပါတယ်။