တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီ မြန်မာဝန်ထမ်း ၁၀၀၀ ခန့်မည်
2013.12.05
မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါအောင်ထားတဲ့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော Telenor ကုမ္ပဏီက လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံသား ဝန်ထမ်းအရေအတွက် တစ်ထောင် တိုက်ရိုက်ခန့်သွားဖို့ရှိတယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ဆရာစံလမ်းက သမဝါယမ အဆောက်အဦးမှာကျင်းပတဲ့ အလုပ်လျှောက်လွှာလက်ခံပွဲမှာ တယ်လီနောကုမ္ပဏီရဲ့ မြန်မာနိုင်ငံဝန်ထမ်းဆိုင်ရာ အမှုဆောင်အရာရှိ Ms.Tipayarat Kaewsringarm က စကားပြန်ကနေတဆင့် ပြောပါတယ်။
“တယ်လီနော မြန်မာအနေနဲ့ ၂ဝ၁၄ အတွင်းမှာ လူတစ်ထောင် တိုက်ရိုက်ခန့်သွားဖို့၊ တယ်လီနောနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစဉ်တွေကနေပြီးတော့တဆင့် လူနှစ်ထောင်လောက် ခန့်သွားဖို့ရှိတယ်၊ သြဂုတ်လကနေစခဲ့တာဆိုတော့ အဲဒီ ၄ လအတွင်းမှာ လုပ်ငန်းစဉ်အလိုက် ဦးဆောင်ပြီးတော့ စီမံကိန်းတွေချပြီး လက်တွေ့ဆောင်ရွက်မယ်ဆိုတဲ့ အကြီးပိုင်းတွေ လူ ၂၅ဝ နီးပါးလောက်တော့ အဓိကထားပြီးတော့ ခေါ်သွားပါပြီလို့၊ ဒေသခံဆက်သွယ်ရေး အရာရှိအနေနဲ့ ကချင်ပြည်နယ်တို့၊ ရှမ်းပြည်နယ်တို့မှာလည်း ခန့်ထားဖို့အတွက် စပြီးတော့ခေါ်နေပါပြီ”
ဒီနေ့ပြုလုပ်တဲ့ အလုပ်လျှောက်လွှာလက်ခံတဲ့အစီအစဉ်ကို ရန်ကုန်ဒေသခံတွေသာမက နယ်ဒေသကသူတွေလည်း ထောင်နဲ့ချီပြီး လာရောက်လျှောက်ထားကြပါတယ်။
ဆက်သွယ်ရေးတင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေအလုပ်ခေါ်တဲ့အခါ ပထမနှစ်မှာ မြန်မာနိုင်ငံသား (၂၅) ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ (၅၀) ရာခိုင်နှုန်းနဲ့ တတိယနှစ်မှာ (၇၅) ရာခိုင်နှုန်းအထိ ခန့်ထားပေးသွားရမယ်လို့ အစိုးရကသတ်မှတ်ထားပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။