မဲရုံစောင့် သင်တန်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲပေးနည်း သင်ပြ
2010.09.24

အဲဒီလို သင်တန်းပေးနေရာမှာ မဲလာထည့်တဲ့သူတွေကို စစ်အစိုးရရဲ့ ကြံ့ဖွံ့ပါတီကို မဲထည့်ရင်ဘယ်လို ထည့်ရမယ်ဆိုတာ မဲပေးသူတွေကို သင်ကြားပေးဖို့ မှာနေတယ် ဆိုတဲ့အကြောင်း သိရပါတယ်။
အလက၊ အထက စတဲ့ကျောင်းတွေက ကျောင်းဆရာဆရာမတွေကို မဲရုံစောင့် သင်တန်းပို့ချပေးနေရာမှာ မဲလာထည့်တဲ့သူတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမှတ်အသားဖြစ်တဲ့ ခြင်္သေ့တံဆိပ်ကို ဘယ်လို မဲပေးရမယ်ဆိုတာကို သင်ပြပေးဖို့ မှာကြားနေတယ် ဆိုပြီး သင်တန်းတက်နေသူ ဆရာမတဦးက ပြောပြလို့ သိရကြောင်း မန္တလေးမြို့ခံတယောက်က အခုလို ပြောပြပါတယ်။
“ကျောင်းဆရာမတွေကို မဲရုံသင်တန်း ပေးနေတာပေါ့။ အကူအညီပေးရေးအတွက်၊ မဲရုံမှာအဲဒီမှာ သူတို့က ဘာပါ လာလဲဆိုတော့ မဲလာထည့်တဲ့လူတွေက ကျောင်းဆရာမတွေကို တခါတည်း မှာလိုက်တာ ခြင်္သေ့တံဆိပ်နဲ့ ဆင် တံဆိပ်ကို ထည့်ပါ၊ တခါတည်း ပြောလိုက်တယ် ကျနော်တို့ကလည်း ခက်တာက ဆင်တံဆိပ်က ဘယ်ဟာမှန်း မသိသေးဘူး၊ အခုထိ ဆရာမတွေကို ပေးနေတာ တနင်္ဂနွေ ဥပုသ် ၂ ရက်ကို ပေးတာပေါ့။”
ဒီအကြောင်းကို ကိုယ်တိုင် သင်တန်း တက်ခဲ့တဲ့ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်က အထက်တန်းပြဆရာမ တယောက်ကို RFA က မေးမြန်းတဲ့အခါမှာတော့ အခုလိုပြောပါတယ်။
“ကျမတို့ မဲရုံမှူးတွေနဲ့ မဲလက်မှတ်ထုတ်ပေးတဲ့လူတွေ လိုက်နာဆောင်ရွက်ရမဲ့အချက်တွေ ၊ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်း ဥပဒေတွေရှင်းပြတာ။”
နောက်ထပ် ချမ်းအေးသာစံမြို့နယ်က ဆရာမတဦးကို မေးတော့လည်း သတင်းဌာနဆိုတာနဲ့ ချက်ချင်း ဖုန်းချသွားပါတယ်။
ဒီသင်တန်းတွေကို မန္တလေး ဗထူးအားကစားကွင်းမှာ လုပ်သလို သက်ဆိုင်ရာကျောင်းတွေမှာ တချို့လုပ်တယ်လို့ သိရပါတယ်။ မနေ့ကတော့ ချမ်းအေးသာဇံနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေ အတွင်းက ဆရာဆရာမတွေကို သင်တန်းပေးတာ ဖြစ်ပြီး တခြားမြို့နယ်တွေကိုလည်း ဆက်လုပ်သွားဖို့ အစီအစဉ် ရှိတဲ့အကြောင်း ကျောင်းဆရာမနဲ့ နီးစပ်သူက ပြောပါတယ်။