ပစ်စာတွေကြောင့် အရေးမယူဖို့ ပညာရေးဝန်ထမ်းတွေ ဆန္ဒပြ
2019.05.22

ဆရာ၊ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်းတွေကို ပစ်စာတွေနဲ့ တိုင်ကြားတဲ့အပေါ် အရေးမယူဖို့ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့မှာ ပညာရေးဝန်ထမ်း တစ်ထောင်နီးပါးက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
တိုင်ကြားသူတွေရဲ့ အမည်၊ နေရပ်လိပ်စာမပါဘဲ တိုင်ကြားလာတဲ့စာတွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ထမ်းတွေ စစ်ဆေးအရေးယူခံရတာတွေ၊ အဲဒီလိုစစ်ဆေးလို့ အပြစ်ရှိသူတွေ ပေါ်လာပြီး အရေးယူတာကို လက်ခံပေမယ့် အပြစ်မရှိသူတွေ ခေါ်ယူစစ်ဆေးခံရတဲ့အခါ ဂုဏ်သိက္ခာ ကျဆင်းတာကြောင့် ဒီနေ့ ဆန္ဒပြတောင်းဆိုတာလို့ ဦးဆောင်သူ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးသူရစိုးက ပြောပါတယ်။
လပွတ္တာအပါအဝင် ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်အတော်များများမှာ လိပ်စာတွေ၊ အမည်တွေမပါဘဲ တိုင်ကြားတာတွေကြောင့် ပညာရေးဝန်ထမ်း အတော်များများ နစ်နာမှုတွေရှိနေတယ်လို့ ဦးသူရစိုးက ပြောပါတယ်။
ဒါအပြင် ပညာရေးဝန်ကြီးဌာနက ပညာရေးစနစ်သစ်အတွက် ဝန်ထမ်းတွေကို သင်တန်းတွေပေးရာမှာ သင်တန်းတွေပြီးသွားပေမယ့် ဘတ်ဂျတ်ငွေ ချထားပေးတာ နောက်ကျတာကြောင့် ပညာရေးဌာနက ခရိုင်အဆင့်၊ မြိုနယ်အဆင့် တာဝန်ရှိသူတွေ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့လည်း သိရပါတယ်။
ဒီဆန္ဒပြပွဲမှာ မမှန်မကန် ပစ်စာပေးပို့သူတွေကို တရားစွဲဆိုပေးဖို့၊ အစိုးရဘဏ္ဍာငွေ မလုံလောက်ရင် ပညာရေးလုပ်ငန်းတွေ ရပ်ဆိုင်းပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။