နေပြည်တော်က ကျောင်းဆရာတစ်ဦး ထောင် နှစ် ၂၀ ချမှတ်ခံရ

2022.09.22
နေပြည်တော်က ကျောင်းဆရာတစ်ဦး ထောင် နှစ် ၂၀ ချမှတ်ခံရ နေပြည်တော် လယ်ဝေးမြို့နယ်မှ ကိုယ်ပိုင်အထက်တန်းကျောင်းဆရာ ကိုရဲစိုးကျော်ကို တွေ့ရစဉ်။
Photo: Naypyi Taw Revolution News-NRN

နေပြည်တော် လယ်ဝေးမြို့နယ်က အသက် ၂၄ နှစ်အရွယ် ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာ ကိုရဲစိုးကျော်ဟာ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးကနေ စက်တင်ဘာလ ၁၉ ရက်နေ့က ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက စက်တင်ဘာ ၂၂ ရက် ဒီနေ့ RFA ကိုပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) နဲ့ အမှု နှစ်ခုခွဲပြီး တစ်မှုကို ထောင် ၁၀ နှစ်စီကို သီးခြားစီကျခံဖို့ အမိန့်ချခံရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"တနင်္လာနေ့က အမိန့်ချတာ ထောင်အနှစ် ၂၀ ချလိုက်တယ်။ ကောင်လေးက အခုမှ အသက်ငယ်ငယ်ပဲ ရှိသေးတယ်။ အမိန့်ချတဲ့နေ့မှာပဲ ရမည်းသင်းထောင်ကို ပို့လိုက်ပြီ"

သူဟာ လယ်ဝေးမြို့က ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ စာသင်ကြားနေတုန်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတာ လို့ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် ကျောင်းဆရာ လူငယ်တစ်ယောက်ကို နှစ် ၂၀ ထိ ထောင်ဒဏ် ချမှတ်တာက မဖြစ်သင့်သလို စစ်ကောင်စီက သူအာဏာတည်မြဲဖို့အတွက် ရည်ရွယ်ချက် ရှိရှိ ဖိနှိပ်နေတာလို့ လယ်ဝေးမြို့ခံတစ်ဦးက မှတ်ချက်ပေးပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက NUG၊ CRPH၊ PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့တာ၊ အွန်လိုင်းပေါ်ကနေ ငွေကြေး လှူဒါန်းတာတွေဟာ နိုင်ငံရေးပုဒ်မ ကနေ အကြမ်းဖက်ပုဒ်မတွေထိ တရားစွဲနိုင်ပြီး အနိမ့်ဆုံး ထောင်ဒဏ်ကနေ အမြင့်ဆုံး သေဒဏ်ထိ အပြစ်ပေးလို့ရကြောင်း စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ဆန့်ကျင်မှုတွေ ကို ကြောက်လာတဲ့အတွက် ပြည်သူကို ဥပဒေပုဒ်မတွေနဲ့ ခြိမ်းခြောက်လာတာလို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၁ ရက် နေ့ထိ စာရင်းတွေအရ လူပေါင်း ၁၂,၄၅၅ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ၁,၄၈၅ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။