နေပြည်တော် စစ်ရုံးအနီးက နေအိမ်တွေ ဖယ်ရှားခံရ

RFA Burmese
2025.01.23
နေပြည်တော် စစ်ရုံးအနီးက နေအိမ်တွေ ဖယ်ရှားခံရ နေပြည်တော်တစ်နေရာကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် တွေ့ရစဉ်။
Photo: RFA

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စစ်ရုံးအနီး ပင်လောင်းလမ်းဆုံထိပ် ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့နီးတဲ့ သစ်တပ်ရွာက နေအိမ်တချို့ကို ရန်ကုန်-မန္တလေး လမ်းဟောင်း ခြောက်လမ်းသွားစီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး ဖယ်ရှားခံလိုက်ရတယ်လို့ နေပြည်တော်ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီရဲ့ နေပြည်တော်ကောင်စီ အာဏာပိုင်တွေက ဖယ်ရှားဖို့ အကြောင်းအကြားခဲ့တာ နှစ်လနီးပါးရှိလာပြီး အိမ်ပိုင်ရှင်တချို့က မြေကွက်အစား ပြန်ရ၊ မရ မသေချာတဲ့အတွက် မဖယ်သေးဘဲ ဥဒေကြောင်းအရ လုပ်နေကြတာရှိတယ်လို့ ဆိုပါတယ်။

အဲဒီနေရာဟာ နေပြည်တော် စစ်ရုံးချုပ်ကိုဝင်တဲ့ လမ်းဆုံနေရာဖြစ်တာကြောင့် လုံခြုံရေးအရ ဖယ်ရှားခိုင်းတာ ဖြစ်နိုင်တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အခုဖယ်ရှားခိုင်းတဲ့နေရာတွေမှာက လမ်းနယ်ကိုကျူးကျော်ထားတဲ့အိမ်တွေလည်း ပါမှာပေါ့။ နောက်ပြီး အဲဒီနားမှာ ကေတီဗီတွေ၊ စားသောက်ဆိုင်တွေ၊ တည်းခိုခန်းတွေလည်း ရှိတယ်။ အဲဒါတွေက သူတို့လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တယ်ဆိုတဲ့ ယူဆချက်ကြောင့်လည်း ဖျက်ခိုင်းတာဖြစ်နိုင်တယ်"

ဖယ်ရှားခံရမဲ့ အိမ်ခြေအရေအတွက်ဟာ သစ်တပ်ရွာရဲ့ တစ်ဝက်နီးပါးခန့်ရှိပြီး လမ်းမတန်းဘက်က အဆောက်အအုံတချို့ကို ဒီရက်ပိုင်း ဖျက်နေကြတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ပျဉ်းမနားဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီနေရာတွေဟာ မူလနေထိုင်ခဲ့တဲ့ ရွာသားတွေ ပိုင်ဆိုင်တာမဟုတ်ဘဲ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတချို့က ပိုင်ဆိုင်တဲ့ မြေနေရာ အဆောက်အအုံတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ နေပြည်တော်ကောင်စီ ပြောခွင့်ရသူ ကောင်စီဝင် ဦးမြင့်စိုးကတော့ လမ်းစည်းမျဉ်း၊ စည်းကမ်း ဥပဒေနဲ့မညီတဲ့ ကျူးကျော်နေအိမ်တွေကိုသာ ဖယ်ခိုင်းတာဖြစ်ပြီး တရားဝင် ဂရမ်ရှိတဲ့အိမ်တွေ ဖယ်ရှားမှုမှာ မပါဝင်ဘူးလို့ RFA ကို ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီလထဲမှာ နေပြည်တော် စစ်ရုံးချုပ် (ကက-ကြည်း) ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။