ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ် တယ်ဆိုပြီး ကျောင်းဆရာကို ဖမ်းဆီး
2015.04.24
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြစ်နားကျေးရွာမှာ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်ဆိုပြီး အလယ်တန်းပြကျောင်းဆရာ ဦးရွှေစိန်ဝင်းကို ကျောက်တော်အခြေစိုက် စကခ ၉ လက်အောက်ခံ တပ်မတော်စစ်ကြောင်းတစ်ခုက မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
မိသားစုပိုင် အုတ်လုပ်ငန်းခွင်ထဲကနေ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့ညက ၄ နာရီကျော် ၅ နာရီလောက်က အုန်းလုပ်ကွင်းထဲကနေ ဖမ်းယူသွားတယ်လို့ သတင်းတော့ရတယ်၊ မိသားစုတွေတော့ ဘာမှမသိဘူး၊ သူကရိုးရိုးသားသားလေးပဲနေတာပါ"
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက် နဲ့ ၁၈ ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်မှုရှိကြောင်း မသင်္ကာတဲ့သူတွေကို အစိုးရတပ်မတော်က စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောကြ ပါတယ်။
၂ ရက်ကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင် ၅ ဦးနဲ့ လက်နက်တွေကို သိမ်းဆည်းရမိခဲ့ တယ်လို့ အစိုးရတပ်မတော်ပိုင် မြဝတီသတင်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။