တန့်ဆည်မှာ စစ်ကြောင်းဝင်လာလို့ ၁၉ ရွာက ဒေသခံတစ်သောင်းခန့် ထွက်ပြေးရ
2023.02.26
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အနောက်ခြမ်း ကျီးကန်ရွာကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညက အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်း ဝင်ရောက်နေတာကြောင့် ရေဦး-တန့်ဆည်-ကလေး၀ ကားလမ်းမဘေးမှာရှိတဲ့ ရွာပေါင်း ၁၉ ရွာက ဒေသခံတစ်သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ထောင်စု ၆၀၀ ကျော်ရှိတဲ့ ချောင်းဦးရွာ၊ အိမ်ထောင်စု ၃၀၀ ကျော်စီရှိတဲ့ ကျီးကန်ရွာနဲ့ ခရမ်းခြံရွာ အပါအဝင် ရွာပေါင်း ၁၉ ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုပြောတဲ့ရွာတွေက ကားလမ်းမကြီးဘေးမှာရှိတဲ့ ရွာတွေ။ ရေဦး- တန့်ဆည်- ကလေး၀ ကားလမ်းမကြီး ဘေးနားက ရွာတွေပေါ့။ လောလောဆယ် ပြေးနေရတာ။ စစ်ကြောင်းကပြန်ရင်လည်း အဲဒီလမ်းကပဲပြန်မှာဆိုတော့ လောလောဆယ်ရွာကို ပြန်ကပ်လို့မရသေးတာပေါ့ဗျ”
အဲဒီစစ်ကြောင်းဟာ ရွာတွေကိုဝင်ရောက်ချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်တာရှိပေမယ့် နေအိမ်တွေကိုတော့ မီးရှို့တာမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေ ထွက်ပြေးနေရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကိုင်းတိုင်းမှာ တန့်ဆည်မြို့အပါအဝင် အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ခင်ဦး၊ ရေဦးမြို့နယ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေး မာရှယ်လောအမိန့် ထုတ်ပြန်ကြေညာ ထားတာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် အထိစာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ ပါတယ်။