တန့်ဆည်မြို့နယ်က ကံထူးမရွာ မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2024.02.24
တန့်ဆည်မြို့နယ်က ကံထူးမရွာ မီးရှို့ဖျက်ဆီးခံရ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့ရစဉ်။
Taze News

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကံထူးမရွာက နေအိမ်တွေကို ဖေဖော်ဝါရီလ ၂၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံထူးမရွာထဲကို စစ်ကောင်စီတပ်သား ရှစ်ဆယ်နီးပါးက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၂၂ ရက်နေ့က နှစ်အိမ်ပဲ ရှို့သေးတယ်။ မနေ့ညနေက ရှို့တာတော့ အတော်များတယ်။ စစ်ကြောင်းရှိနေတော့ ဒေသခံတွေ ရွာထဲပြန်မဝင်နိုင်သေးလို့ အရေအတွက်တော့ မသိရသေးဘူး”

ဒေသခံတွေ ရွာထဲ ပြန်မဝင်နိုင်သေးတဲ့အတွက် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

တန့်ဆည်မြို့နယ် အနောက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်အထိ ကျေးရွာ ၁၄ ရွာက အရပ်သား တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံထူးမ ရွာအပါအဝင် အနီးမှာရှိတဲ့ သရက်ခါး၊ ကြက်ဆူကန်၊ မရမ်းမိ၊ ရေရှင်ကုန်း၊ အင်တောရိုး၊ ပေကုန်း၊ ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ အိုင်ယားရှည်၊ ကြောင်ဆင်းအိုင်၊ အင်ပင်အိုင်၊ အင်တောရိုး၊ ကျီးကန်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါး ရှိလာပါပြီ။

ဒီအပြင် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ နေအိမ် ၇၈,၇၃၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ကလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။