တော်ဝင်အလုပ်သမားများ လွတ်မြောက်ရေး သတင်းစာ ရှင်းလင်း
2013.05.20

ပြီးခဲ့တဲ့ ရက်ပိုင်းက ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးခံရတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၁၂ ဦး အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် အဖမ်းခံထားရသူတွေရဲ့ မိဘတွေနဲ့ စက်ရုံအလုပ်သမားတချို့က ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဖမ်းခံထားရတဲ့ အလုပ်သမား ၁၂ ဦး အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၂၀၀ ကျော် အတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့ အကူအညီ တောင်းတာ ဖြစ်တယ်လို့ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မလဲ့လဲ့ဝင်းက RFA ကို ပြောပါတယ်။
ဒါ့အပြင် အဲဒီအလုပ်သမား ၁၂ ဦးဟာ မတရားဖမ်းဆီးခံထားရတာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်အောင်လည်း ကြိုးစားသွားမယ်လို့ မလဲ့လဲ့ဝင်းက ပြောကြားခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်က တော်ဝင်သစ်အချောထည်စက်ရုံမှာ စက်ရုံတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရဘဲ စက်ရုံထဲဝင်ရောက်ခဲ့တဲ့ အလုပ်သမား ၄၂ ဦးကို လှော်ကားရဲစခန်းက ပုဒ်မ(၄၅၂) ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ပြီး အခုလ ၁၄ ရက်နေ့ညက အလုပ်သမား ၁၂ ဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
သူတို့တွေကို တရားရုံးကနေတဆင့် အင်းစိန်ထောင်ကို ပို့လိုက်ပြီး လာမယ့်မေလ ၂၈ ရက်နေ့ကို နောက်ထပ်ရုံးချိန်း ချိန်းဆိုထားပါတယ်။