တောင်သာမြို့နယ် NLD ပါတီရုံး ဖျက်ဆီးခံရ

2023.04.10
တောင်သာမြို့နယ် NLD ပါတီရုံး ဖျက်ဆီးခံရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာ ဖျက်ဆီးခံရသည့် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေပါဝင်တဲ့ အဖွဲ့တစ်ခုက ဖျက်ဆီးသွားတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးတိုင်း NLD ပါတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ဧပြီလ ၇ ရက် ည ၁၀ နာရီခွဲလောက်မှာ လျှပ်စစ်မီးလည်း ပြတ်နေတယ်။ အဲဒီအချိန်မှာ စကစတပ်သားတွေပါတဲ့ ကားရယ်၊ ဆိုင်ကယ် ခုနစ်စီး လူ ၁၇ ယောက်လောက်က တောင်သာမြို့နယ် NLD ရုံးကိုပေါ့။ ရုံးက မှန်တွေနဲ့ ဆောက်ထားတာ။ မှန်တွေအားလုံး ကို ရိုက်ခွဲတယ်။ ရုံးမှာရှိသမျှဟာတွေအားလုံး ဖျက်ဆီးတယ်။ ဖျက်ဆီးပြီး သူတို့ ပြန်သွားကြတယ်"

ပါတီရုံးကို ဝင်ရောက်ဖျက်ဆီးချိန်မှာ လျှပ်စစ်မီးပြတ်နေတာမို့ ဝင်ရောက်ဖျက်ဆီးသူတွေ ဟာ ယူနီဖောင်းဝတ်ထားခြင်း ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

ဧပြီလ ၈ ရက်နေ့ ညပိုင်းမှာတော့ ဖျက်ဆီးခဲ့တဲ့ မှန်ကွဲစတွေကို အဖွဲ့တစ်ခုက သန့်ရှင်းရေး ပြန်လာလုပ်သွားလို့ ဒါဟာ သက်သေတွေကို သိမ်းဆည်းတဲ့သဘောဖြစ်တယ်လို့လည်း အဲဒီပါတီ၀င်က ပြောပါတယ်။

တောင်သာမြို့နယ် NLD ပါတီရုံးကို ၂၀၁၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး စစ်အာဏာစသိမ်းချိန်ကလည်း တစ်ကြိမ် ဖျက်ဆီးခြင်းခံခဲ့ရဖူးတယ်လို့ NLD ပါတီဝင်တွေက ပြောပါတယ်။

NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးဌာနရဲ့ မှတ်တမ်းတွေ အရ စစ်အာဏာသိမ်း နှစ်နှစ်တာအတွင်း NLD ပါတီရုံးတွေ ကျူးကျော်ဝင်ရောက်ခံရတာ၊ ဖျက်ဆီးခံရတာနဲ့ ပါတီပိုင်ပစ္စည်း ယူဆောင်ခံရတာ အကြိမ်ပေါင်း ၁၂၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။