ရေကာတာစီမံကိန်း တရုတ်အင်ဂျင်နီယာတွေ ပြန်လွှတ်လာ

ရှမ်းပြည်နယ်မှာ ဆောက်လုပ်နေတဲ့ တာဆန်းရေကာတာ စီမံကိန်းကို ကုမ္ပဏီက ဆက်ပြီး မလုပ်တော့ဘူး ဆိုတာကြောင့် အမည်မသိ လက်နက် ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ တရုတ်ပညာရှင် ၄ ဦးကို မကြာသေးခင်ရက်ပိုင်းက ပြန် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

2011.08.14
salween-tasang-dam-305 သံလွင်မြစ်အထက်ပိုင်း တာဆန်းရေကာတာ တည်ဆောက်မည့် စီမံကိန်းနေရာ ဖြစ်ပါသည်။ (wikipedia)
wikipedia

မေလ ၉ ရက်နေ့က ပျောက်ဆုံးသွားတဲ့ တရုတ်အင်ဂျင်နီယာ ၃ ဦးနဲ့ စကားပြန်တဦးကို သြဂုတ်လ ၈ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ကို တရုတ်ကုမ္ပဏီက အကူအညီတောင်းတာကြောင့် လိုက်လံဆောင်ရွက် ပေးခဲ့ပါတယ်။ ကုမ္ပဏီက ရေကာတာကို ဆက်လက် မတည်ဆောက် တော့ဘူးဆိုတဲ့ ကတိပေးလို့ ပြန်လွှတ်ပေးခဲ့တာလို့ SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“ကျနော်တို့ မေးကြည့်တော့ သူတို့မှာ ပိုက်ဆံလည်း မလိုဘူး၊ သူတို့ အလိုရှိတာကတော့ ကုမ္ပဏီကနေတဆင့် တရုတ်ပြည်မက အစိုးရတွေကိုရော၊ နောက် ဗမာပြည်က အစိုးရတွေ ကိုရော သွားပြောပြခိုင်းပါ၊ တာဆန်းရေကာတာ ဆောက်လုပ်ခြင်းအားဖြင့် ဒေသအတွင်းက ပြည်သူပြည်သားတွေမှာ ထိခိုက် နစ်နာမှုတွေ ရှိတဲ့အကြောင်း၊ ဒါကြောင့်မို့ တာဆန်းရေကာတာကို မဆောက်လုပ်ဖို့ အတွက် ကျနော်တို့က သွားပြောပြတော့ သူတို့ကလည်း ဒါဆို မဆောက်တော့ဘူး ဆိုတဲ့အကြောင်း၊ တောင်းဆိုထားတဲ့အတိုင်းပဲ လိုက်နာပါ့မယ် ဆိုတဲ့အကြောင်း၊ သူတို့ကုမ္ပဏီကိုလည်း ရုတ်သိမ်းသွားတယ်လို့ ပြောတယ်”

အဲဒီ လက်နက်ကိုင်အဖွဲ့က သူတို့ ၄ ယောက်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်သလို ပြန်လွှတ်တဲ့ အခါမှာလည်း ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

တာဆန်း ရေကာတာစီမံကိန်းကို တရုတ်နိုင်ငံ Three Gorges Group Corporation နဲ့ ထိုင်းနိုင်ငံက လျှပ်စစ်ကုမ္ပဏီတခု ပူးပေါင်း ဆောက်လုပ်နေတာပါ။ အခု တရုတ်ကုမ္ပဏီ ရုတ်သိမ်းသွားပေမယ့် နောက်ထပ် ကုမ္ပဏီတခုပေါ်လာပြီး ရေကာတာကို ဆက်လက် တည်ဆောက်နိုင်တဲ့ အခြေအနေ ရှိမရှိကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဒါဟာ မြန်မာအစိုးရ အပေါ်မှာသာ မူတည်နေတယ်လို့ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ဆက်ပြောပါတယ်။

ဒီစီမံကိန်း ပြီးသွားရင် ရှမ်းပြည်နယ်အတွင်း စတုရန်း ကီလိုမီတာ ၈ ရာကျော်ရှိတဲ့ မြေဧရိယာတွေ ရေလွှမ်းမိုးသွားမှာ ဖြစ်သလို ဒေသခံ ပြည်သူအများစုလည်း အတိဒုက္ခ ရောက်မဲ့အပြင် သဘာဝ ပတ်ဝန်းကျင် လည်း အများအပြား ပျက်စီးသွားမယ့်အကြောင်း ပြည်ပ NGO အဖွဲ့ တွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ ကန့်ကွက်နေတဲ့ ကြားက ရေကာတာကို တည်ဆောက်နေတာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုရဲထက် သတင်းပေးပို့ထားတာ ကိုလည်း နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။