အဓိက ပို့ကုန်များ ၆ လကြာ အခွန်ကင်းလွတ်ခွင့် ပေးမည်
2011.08.13

အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် လက်မှတ်ထိုးထားတဲ့ စာမှာ ပို့ကုန်တွေ အခွန်ကင်းလွတ်ခွင့်ကို သြဂုတ်လ ၁၅ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ၂ဝ၁၂ ဖေဖော်ဝါရီလအထိ အကျိုး သက်ရောက်စေမယ်လို့ ဖော်ပြထားပါတယ်။
လတ်တလောမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း ကျဆင်းနေတဲ့အတွက် မြန်မာပို့ကုန်လုပ်ငန်းတွေ အခက်အခဲ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။
“ပြည်ပပို့ကုန်လုပ်ငန်း မှန်သမျှ အကျိုးဆက်ကတော့ ငွေဈေးမငြိမ်တာရယ်၊ ငွေဈေးနှုန်း အကျဘက်ကို များနေတာရယ်ကြောင့် ဒီဒဏ်ကို အားလုံး ဒီအချိန်မှာ ခံစားနေရပါတယ်။ အဲဒီတော့ ရှုံးတယ်တို့၊ မကိုက်ဘူးတို့၊ အလုပ်ကို လျှော့လုပ်တယ်တို့ ဆိုတာ အဲဒီအချက်တွေကြောင့်ပါပဲ”
မြန်မာနိုင်ငံက ကုန်တင်ပို့တဲ့အခါမှာ လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရကို ပို့ကုန်ခွန် ဆယ်ရာခိုင်နှုန်း ပေးဆောင်ရပြီး ဒါဟာ ကုန်သွယ်ရေးမှာ အဓိက အခက်အခဲတခု ဖြစ်တယ်လို့ မြန်မာလုပ်ငန်းရှင်တွေက ပြောဆိုနေကြပါတယ်။