၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ အထည်ချုပ်လုပ်ငန်းက ကန် ဒေါ်လာ ၅.၃ ဘီလီယံ ရရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်

RFA Burmese
2024.01.02
၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ အထည်ချုပ်လုပ်ငန်းက ကန် ဒေါ်လာ ၅.၃ ဘီလီယံ ရရှိကြောင်း စစ်ကောင်စီ ထုတ်ပြန် ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလ ၁၅ ရက်အထိ ကာလအတွင်းမှာ မြန်မာနိုင်ငံကနေ ပို့ကုန်တင်ပို့မှု ၁၀.၁၃ ဘီလီယံ ဒေါ်လာရှိခဲ့ပြီး၊ အထည်ချုပ်လုပ်ငန်း၊ သဘာဝဓာတ်ငွေ့ တင်ပို့မှုနဲ့ ပဲအမျိုးမျိုး တင်ပို့မှုတွေကနေ ဝင်ငွေအများဆုံးရခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေကို အခြေခံပြီး ဆင်ဟွာ သတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။

ဒီကာလအတွင်းမှာ သဘာဝဓာတ်ငွေ့ တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၂.၃၆ ဘီလီယံ ရရှိခဲ့ပြီး၊ ရတနာ၊ ရဲတံခွန်၊ ရွှေနဲ့ ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်း လေးခုကနေ ထုတ်လုပ်တဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့မှု အများစုဖြစ်တယ်လို့ ဆိုပါတယ်။

ချုပ်ပြီးသား အဝတ်အထည်တွေ တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၃.၁ ဘီလီယံ ဝင်ငွေနဲ့ အများဆုံး ဖြစ်ခဲ့ပြီး၊ ပဲအမျိုးမျိုး တင်ပို့မှုကနေလည်း ဒေါ်လာ ၅၀၁ သန်း ဝင်ငွေ ရှိခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ် မတ်လမှာ ကုန်ဆုံးတဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ အထည်အလိပ်တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၅.၃ ဘီလီယံ ဝင်ငွေရခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပြီး၊ အခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် အထည်ချုပ် ကဏ္ဍကရတဲ့ဝင်ငွေ စုစုပေါင်းကိုတော့ ဘဏ္ဍာနှစ် ကုန်ဆုံးချိန် မတ်လကုန်မှ သိရမှာဖြစ်ပါတယ်။

ထိုင်း၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေဟာ မြန်မာပို့ကုန်တွေ အများဆုံး ဝယ်ယူနေတဲ့ နိုင်ငံတွေဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။