သံတောင်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရ

RFA Burmese
2023.09.25
သံတောင်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်  ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ကို တွေ့ရစဉ်။
Citizen Journalist

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပရယ်ဆော်ရွာကို စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရဟတ်ယာဉ်နှစ်စင်းနဲ့ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးသုံးလုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ ပရယ်ဆော်ရွာက အသက် ရှစ်ဆယ်အရွယ် ဒေါ်ရာကေးလယ်နဲ့ အသက် သုံးဆယ်အရွယ် ဒေါ်မချောတို့ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အသက် ရှစ်ဆယ်အရွယ် အဘွားက လည်ပင်းကို ဗုံးစမှန်ထားတော့ တော်တော်လေး စိုးရိမ်ရတယ်။ မနေ့ကတည်းက ဆေးရုံတော့ ပို့ထားလိုက်ပြီ၊ အသက် သုံးဆယ်အရွယ် အမျိုးသမီးကတော့ ခြေသလုံးနဲ့ပေါင်ကို မှန်တာ။ အသားတွေ စုတ်ပြတ် ထွက်ကုန်တယ်"

ဒေသခံတွေဟာ ဖာလာသီးခူးနေချိန်မှာ လေကြောင်းက တိုက်ခိုက်ခံရတာလို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဟင်းခပ်အမွှေးအကြိုင်နဲ့ တိုင်းရင်းဆေးထုတ်လုပ်မှုတွေမှာ အသုံးပြုတဲ့ ဖာလာစေ့စိုက်ပျိုးထုတ်လုပ်မှုကို ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ တွေ့ရပါတယ်။

မနေ့က လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို RFA ကဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စက်တင်ဘာ ၉ ရက်ကလည်း သံတောင်ကြီးမြို့နယ် ထီးသာစောရွာကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားနှစ်ဦးသေဆုံးကာ နောက်ထပ်ဒေသခံ လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၇၇၈ ဦး သေဆုံးခဲ့ပြီး ၁၄၈၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။