တနင်္သာရီမှာ စာသင်ကျောင်းအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားနှစ်ဦးဒဏ်ရာရ
2024.07.02

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သာရဖုံရွာက စာသင်ကျောင်းအနီးကို ဇူလိုင်လ ၂ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် ၁၀ နှစ်နဲ့ ၁၄ နှစ်အရွယ် ကျောင်းသားနှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ စာသင်ကျောင်းနဲ့ ကိုက်တစ်ရာအကွာကို ဗုံးသီးခြောက်လုံးခန့် ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“၁၂ နာရီခွဲလောက် ကလေးတွေ ကျောင်းလွှတ်ပြီးတော့ ပြန်တက်တဲ့အချိန်မှာကို လေယာဉ်နဲ့ ပစ်တယ်။ အားလုံးပေါင်း ငါးလုံးခြောက်လုံးလောက် ရှိတယ်။ ပစ်တာတော့ သူတို့ ပစ်မှတ်က စာသင်ကျောင်းပဲ ။ ဒါပေမဲ့ စာသင်ကျောင်းအနီးက ချောင်းထဲကျသွားတယ်။ တစ်လုံးကတော့ ကုန်းပေါ်ပြန်ကျတယ်။ ကလေးတွေ ပြေးရင်းလွှားရင်း ထိခိုက်ပြီး ကလေးတစ်ယောက် လက်တစ်ချောင်း ကျိုးသွားတယ်။ ကိုးတန်းအရွယ် ကလေးတစ်ယောက် လက်မောင်းကျည်ထိမှန် ဒဏ်ရာရတယ်”
ဒီနေ့တစ်ရက်တည်းမှာပဲ တနင်္သာရီမြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ ကျွန်းစုမြို့နယ် ဝါရစ်ရွာကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသားနှစ်ဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး( UNOCHA ) ကတော့ စာသင်ကျောင်းတွေအပေါ် တိုက်ခိုက်မှုတွေဟာ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဆုံးရှုံးရတာအပြင် ကလေးငယ်တွေရဲ့ ပုံမှန် ပညာသင်ကြားခွင့်တွေပါ လျော့ကျစေတယ်လို့ ဇွန်လ ၁၁ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီနှစ်ကျောင်းဖွင့်ရာသီမှာ နိုင်ငံတစ်ဝန်း တိုက်ပွဲဖြစ်ရာ ဒေသတွေက ကျောင်းပေါင်း တစ်သောင်းသုံးထောင်ကျော် ပိတ်ထားရပါတယ်။