စစ်ဘေးဒုက္ခသည်တွေကိုကယ်ဖို့ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို အကူအညီတောင်း
2018.02.01

ကချင်ပြည်နယ် တနိုင်းဒေသမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ရေးအတွက် အကူအညီပေးဖို့ စစ်ဘေးသင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ကူညီရေး ကော်မတီ (ကချင်ပြည်နယ်) က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဆီကို အကူအညီတောင်းခံစာ ဒီကနေ့ ပေးပို့လိုက်ပါတယ်။
တိုင်းမှူးနဲ့ လူချင်းတွေ့ဖို့ ခွင့်တောင်းထားပေမယ့် တွေ့ဖို့မလွယ်ကူတာကြောင့် ကော်မတီမှာပါတဲ့သူတွေ လက်မှတ် ထိုးပြီး ပေးပို့လိုက်တာဖြစ်တယ်လို့ မြစ်ကြီးနား ခရစ်ယာန်ကောင်စီ ဥက္ကဌ ဘုန်းတော်ကြီး ဒေါက်တာ ခါးအောင်တူး က ပြောပါတယ်။
"ကျနော်တို့က သူနဲ့တွေ့ပြီးတော့ သူ့ကို ပါးစပ်နဲ့လည်းပြော၊ စာနဲ့လည်းပေးပို့ဖို့ စီစဉ်ထားတာ၊ ခုထိသူက ဘယ်နေ့တွေ့မယ်ဆိုတာလည်းမပြော၊ သူမအားသေးလို့ပဲ၊ သူ့ရဲ့ ကိုယ်ရေးအရာရှိနဲ့ ပြောကြည့်တော့ တိုင်းမှူးက မအားသလို တခြားနေရာသွားသလိုလို ခုထိတွေ့ဖို့ အဆင်မပြေသေးဘူး၊ လူချင်းတွေ့ဖို့ ခက်တဲ့အတွက်ကြောင့် မို့လို့ စာကိုအရင်ပို့ထားတာပေါ့လေ၊ ပါတဲ့အဖွဲ့အစည်းတွေအကုန်လုံး လက်မှတ်ထိုးပြီးတော့ ပို့လိုက်တဲ့ သဘောပဲ"
အဲဒီကော်မတီကို ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းပေါင်းစုံက ဆရာတော်တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ မြို့မိမြို့ဖတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အကူအညီတောင်းခံစာကို အရင်ပေးပို့လိုက်ပြီဖြစ်ပေမယ့် တိုင်းမှူးနဲ့ တွေ့ခွင့်ရဖို့ကို ဆက်ပြီးကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ဘုန်းတော်ကြီး ဒေါက်တာ ခါးအောင်တူးက ပြောပါတယ်။
တနိုင်းဘက်က တချို့နေရာတွေမှာ ဒီနေ့မနက်ပိုင်းက တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရကြောင်းလည်း ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နမ့်ကွမ်းမှော်နဲ့ စမတ်စခန်းကြားမှာ ပိတ်မိနေတဲ့ လူဦးရေ ၃ ထောင်ကျော်ထဲက မနေ့ကအထိ ၁ ထောင်ကျော်လောက် တနိုင်းမြို့ဘက်ကို ထွက်လာနိုင်ပြီလို့လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း က RFA ကို ပြောထားပါတယ်။
တနိုင်းဒေသ ဇီးဖြူကုန်းနဲ့ ညောင်ပင်ကုန်း စတဲ့ ပယင်းမှော်ရွာတွေတဝိုက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။