စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံက အစိုးရထံ တောင်းဆို


2018.04.14
kachin-refugees-622 တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်တွေ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်ကို ရောက်ရှိလာစဉ်
Photo: salai

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းရှောင်နေကြရတဲ့ ထောင်နဲ့ချီတဲ့စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီက ပြည်ထောင်စုအစိုးရနဲ့ ကချင်ပြည်နယ်အစိုးရဆီ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

တနိုင်းမြို့နယ်က ရွာ ၃ ရွာမှာ ဧပြီလ ၁၂ ရက်နေ့ကတည်းက လက်နက်ကြီးတွေကျနေလို့ ရွာလုံးကျွတ်ပုန်းရှောင်နေ ကြရတယ်လို့  ခရစ်ယာန်ဂိုဏ်း ပေါင်းစုံစစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ဒု-ဥက္ကဌ ဦးနော်တောင်က ပြောပါတယ်။

"ရွာ ၃ ရွာက လူထု ၂၀၀၀ ပတ်ဝန်းကျင်ခန့်က တောထဲမှာ ယာယီတိမ်းရှောင်နေကြရတယ်၊ ကျနော်တို့အဖွဲ့ အစည်းကို ဖုန်းနဲ့ဆက်သွယ်တာတွေရှိတယ်၊ ကျနော်တို့ကလည်း တိုက်ပွဲကြောင့် ပိတ်ဆို့နေတဲ့ လူထုကို အမြန်ဆုံးကယ်ဆယ်နိုင်ဖို့အတွက် အစိုးရဖက်က အကူအညီများရရှိနိုင်ဖို့ ရည်ရွယ်ပြီးဒီစာကို ထုတ်ပြန်တောင်း ခံရခြင်းဖြစ်တယ်"

အောင်လောဒ်၊ ဆွတ်ရိန်ယန်နဲ့ ဆွတ်ရာဆိုတဲ့ကျေးရွာတွေက ဒေသခံ ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ တာဖြစ်တယ်လို့ ကော်မတီရဲ့ တောင်းဆိုစာမှာ ပါဝင်ပါတယ်။

အဲဒီဒုက္ခသည်တွေကို ကယ်ဆယ်နိုင်ဖို့အတွက် အစိုးရတပ်မတော် ဒေသကွပ်ကဲရေးမှူးထံ တင်ပြခဲ့ပေမယ့်လည်း အထက်ကိုဆက်လက်တင်ပြပေးမယ်လို့သာ ပြောတယ်လို့ ဆိုပါတယ်။

အဲဒီရွာတွေဟာ တနိုင်းမြို့သွားရာ လမ်းတစ်လျှောက်ကရွာတွေဖြစ်ပြီး လမ်းတစ်လျှောက်တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက် ကုန်းလမ်းကနေသွားလို့မရလို့ တနိုင်းချောင်းကနေတဆင့် သွားခေါ်မယ်ဆိုရင်ဖြစ်နိုင်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာမှာ တပ်မတော်စစ်စခန်း တစ်ခုကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။