ဖမ်းမိထားတဲ့ တပ်မတော်သား ၃ ဦးကို ကေအိုင်အေ ပြန်လွှတ်


2018.02.10
kia-war-prisoner-free-622 ကေအိုင်အေက ဖမ်းဆီးရမိတဲ့ အစိုးရတပ်မတော်သား ၃ ဦးကို တွေ့ရစဉ်
.

ကချင်ပြည်နယ် မိုးကောင်း-ဖားကန့်လမ်းပေါ် နန့်ဟိုင်ရွာအနီးမှာ အခုလ ၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း ကေအိုင်အေက ဖမ်းဆီးရမိတဲ့ အစိုးရတပ်မတော်သား ၃ ဦးကို ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေထံ ဒီကနေ့ လွှဲပြောင်းအပ်နှံလိုက်ပါတယ်။

စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးရမယ်ဆိုတဲ့ မူဝါဒအရ လွှတ်ပေးတာဖြစ်တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"အဲဒီနေ့မှာ ရတာ သုံးဦးပါပဲ။ ဒါ အားလုံး ပြန်လည် လွှတ်ပေးလိုက်ပြီ။ ကျနော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကနေတဆင့်ပေါ့။ မကျန်တော့ပါဘူး။ ကျနော်တို့ စစ်သုံ့ပန်းတွေ ကို ပြန်လွှတ်ပေးဖို့ ပေါ်လစီရှိပါတယ်။ နှိပ်စက်ဖို့တွေ၊ သတ်ဖြတ်ဖို့တွေဆိုတာ ကျနော်တို့မှာ မရှိပါဘူး။ အမြဲတမ်း ကျနော်တို့ ပြန်လွှတ်ပါတယ်။ အဲဒါ ပေါ်လစီအတိုင်း ကျနော်တို့ ဆက်လုပ်တာပါ"

ဒီကနေ့ နေ့လည်ပိုင်းက ကထန်ယန်ရွာမှာ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူးက မြစ်ကြီးနားအခြေစိုက် PCG ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်တွေထံ လွှဲပြောင်းလိုက်တာဖြစ်ပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းပေါ်နဲ့ မေ ခမြစ်ကြောင်းတလျှောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လီဆူ တိုင်းရင်းသား ၂၈ ယောက်ကို ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးဆီဖာလာလူးက ဒီကနေ့ ပြောပါတယ်။

"၂၈ ရက်နေ့မှာ ဆွမ်ပရာဘွမ်ကနေ ၁၉ ဦး၊ ပြီးရင် မေခမြစ်ကြောင်းမှာရှိတဲ့ ရွာကနေ ၂ ဦး ခင်ဗျ။ အဲရက်မတိုင်ခင် ၂၇ ရက်နေ့က မေခတဘက်ကမ်းကနေ ၇ ဦး ဖမ်းသွားတာပေါ့ဗျာ။ အားလုံးဆိုရင် ၂၈ ဦး။ ဒါပေမဲ့ ဒီနေ့ထိတော့ ဘာမှသတင်းထူးခြားတာမရှိသေးဘူး။ ပြန်လွတ်လာခြင်း မရှိသေးဘူးခင်ဗျ"

ဒေသခံတချို့ ဖမ်းဆီးခံထားရတာနဲ့ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းရာမှာတော့ ဒေသခံတွေကို ဖမ်းဆီးတာမဟုတ်ဘဲ ကချင်လွတ်မြောက်ရေး တပ်မတော်ထဲမှာပါဝင်ဖို့ တာဝန်ရှိတာကြောင့် ခေါ် တာဖြစ်ကြောင်း ပြောပါတယ်။

လီဆူတိုင်းရင်းသားတွေကို ကေအိုင်အေက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတာကို ကန့်ကွက်ကြောင်းနဲ့ အမြန်ဆုံးပြန် လွှတ်ပေးဖို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက် က ကြေညာချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။