ကေအိုင်အေနဲ့ အစိုးရတပ်တို့ တနိုင်းမှာ တိုက်ပွဲဖြစ်
2018.03.05
ကချင်ပြည်နယ် တနိုင်းမြို့အနီးတဝိုက်မှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ဒီနေ့ ပြောပါတယ်။
အခုရက်ပိုင်းမှာ လက်နက်ကြီးပစ်ခတ်တာတွေ နှစ်ညဆက်တိုက် ကြားနေရတယ်လို့ တနိုင်း မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။
"တနိုင်းမြို့ပေါ်မှာတော့ လက်နက်ကြီးသံတွေတော့ ကြားနေရတယ်ဗျ၊ ဘယ်ဘက်ကပစ်တာ ခတ်တာတွေတော့ မသိရဘူးဗျ၊ ၁၂ နာရီဝန်းကျင်လောက်က အဲလိုပဲ နှစ်ညဆက်တိုက်ကြားနေရတယ်လို့ပဲ သိတယ်ဗျ၊ အရင်နေ့တွေက မကြားရတာနဲနဲလေးကျဲသွားတာ အခုတစ်ရက်နှစ်ရက်အတွင်းမှာ ပြန်ကြားနေရတာဗျ၊ လက်ရှိ အနေအထားအရ ဟိုဘက်ဒီဘက်တင်းမာနေဆဲလို့ပြောလို့ရတယ် ထိပ်တိုက်မတွေ့တာပဲ အဲလိုပဲရှိနေတာ ဆိုတော့ ဘယ်ဘက်ကိုကျတယ်ဆိုတာကိုတော့ အတိအကျပြောလို့မရဘူး"
လတ်တလော အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား စစ်ရေးတင်းမာနေပြီး အစိုးရ တပ်မတော်ဘက်က စစ်ဆင်ရေးတွေ မလုပ်နိုင်အောင် ကေအိုင်အေက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က တံတားအချို့ကို ဖျက်ဆီးတာတွေလည်း ရှိခဲ့ပါတယ်။
အရင်ရက်တွေက ကေအိုင်အေနဲ့ အစိုးရကြား တိုက်ပွဲတွေဖြစ်တာမျိုးမရှိပေမယ့် ဆွမ်ပရာဘွမ်၊ ပူတာအို နဲ့ တနိုင်းဒေသတွေမှာ တပ်မတော် စစ်ကြောင်းတွေရှိနေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ် လာနိုင်ခြေရှိတယ်လို့လည်း ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တာလီမြို့မှာ ကေအိုင်အေနဲ့ အစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြစဉ်မှာ တနိုင်းမြို့နယ်မှာရှိတဲ့ ကေအိုင်အေတပ်ရင်း ၁၄ ဌာနချုပ် အပါအဝင် တပ်စခန်းတွေကို ဖယ်ရှားပေးဖို့ အစိုးရတပ်မတော်ဘက်က ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။