တရားစွဲခံရတဲ့ တကသကျောင်းသား နှစ်ယောက် အာမခံမယူ
2019.07.18

ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နဲ့ အင်းယားကန်ဘောင်ကနေ တကသရင်ပြင်ကို ချီတက်လမ်းလျှောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ်က တကသ ကျောင်းသား ကိုမင်းဟန်ထက်နဲ့ တကသ ကျောင်းသားဟောင်း ကိုဇင်မင်းဖြိုးတို့ကို ဒီကနေ့ လှိုင်မြို့နယ်တရားရုံးမှာ ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပါတယ်။
ဒီဥပဒေအပေါ် မတရားဘူးလို့ ယူဆတဲ့အတွက် လျစ်လျူရှုတဲ့အနေနဲ့ အာမခံလျှောက်ထားတာတွေ ဒဏ်ငွေဆောင် တာတွေလုပ်မှာ မဟုတ်ဘူးလို့ ကိုဇင်မင်းဖြိုး က ပြောပါတယ်။
သူတို့နှစ်ဦးဟာ အာမခံမယူတဲ့အတွက် အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ကမာရွတ်မြို့နယ် ဆင်ရေတွင်းမှတ်တိုင်နဲ့ စိုက်ပျိုးရေးမှတ်တိုင်တွေကနေ ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ တကသရင်ပြင်ကို ချီတက်အလေးပြုခဲ့လို့ ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)နဲ့ပဲ ကမာရွတ်မြို့နယ်မှာ တရားစွဲဆိုခံထားရတဲ့ ဗကသကျောင်းသားတွေထဲက ကိုမင်းသွေးသစ်၊ ကိုစိုင်းသူဝင်း၊ မအိသီရိကျော်နဲ့ ကိုခန့်မင်းထက် တို့အပါအဝင် ခြောက်ဦးကတော့ ကိုယ်ပိုင်ခံဝန် ကျပ်ငွေသိန်းငါးဆယ်စီနဲ့ အာမခံယူခဲ့ပါတယ်။
တရားစွဲဆိုခံထားရတဲ့ ကျောင်းသားတွေကို လာမယ့် ၂၅ ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်ဆိုထားပါတယ်။
ဆဲဗင်းဂျူလိုင် အခမ်းအနားပြုလုပ်တာတွေကို ၂၀၁၂ ခုနှစ်နောက်ပိုင်း ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေ မရှိပေမယ့် ဒီနှစ်မှာတော့ တရားစွဲဆိုမှုတွေရှိလာတာဖြစ်ပြီး လက်ရှိ ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)နဲ့ တရားစွဲဆိုခံထားတာ ကျောင်းသား ရှစ်ယောက်ဖြစ်ပါတယ်။
အဲဒီ ဗကသနဲ့ တကသ ကျောင်းသား စုစုပေါင်း ရှစ်ယောက်ကို ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉)နဲ့ တရားစွဲဆိုထားတဲ့အပေါ် ကျောင်းသူ၊ ကျောင်းသား ၅၀ ကျော်က မနေ့က တကသရင်ပြင်မှာ ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့ပါသေးတယ်။
ဒီကျောင်းသား ကျောင်းသူ ရှစ်ယောက်ကို တိုင်းအစိုးရအဖွဲ့က ညွှန်ကြားချက်နဲ့ တရားစွဲဆိုတာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တိုင်းအစိုးရအဖွဲ့ဆီက အတည်ပြုချက် တစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။
ရဲတပ်ဖွဲ့ကတော့ အထက်ညွှန်ကြားချက်နဲ့ တရားလိုလုပ်ပြီး စွဲဆိုတာလို့ ပြောဆိုထားပါတယ်။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)