ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် ချီတက်အလေးပြုပွဲဦးဆောင်ခဲ့သူတွေ တရားစွဲဆိုခံရတဲ့အပေါ် ကန့်ကွက်ပွဲ


2019.07.17
protest-for-students-622.jpg ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် ချီတက်အလေးပြုပွဲဦးဆောင်ခဲ့သူတွေ တရားစွဲဆိုခံရတဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲကို တကသရင်ပြင်မှာ ၂၀၁၉၊ ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းက ပြုလုပ်စဉ်
ဓါတ်ပုံ - ကျော်လွင်ဦး/ RFA

၅၇ ကြိမ်မြောက် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်နဲ့ ရန်ကုန်တက္ကသိုလ် တကသရင်ပြင်မှာ ချီတက်အလေးပြုခဲ့တဲ့ ဗကသ နဲ့ တကသ ကျောင်းသား စုစုပေါင်း ၈ ယောက်ကို ငြိမ်းစုစီဥပဒေ ပုဒ်မ၁၉နဲ့ တရားစွဲဆိုထားတဲ့အပေါ် ကျောင်းသူ၊ ကျောင်းသား ၅၀ ကျော် က ဒီနေ့ ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့ပါတယ်။

ကန့်ကွက်ရှုတ်ချပွဲကို တကသရင်ပြင်မှာ ဒီနေ့ ညနေပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆဲဗင်းဂျူလိုင် အခမ်းအနားပြုလုပ်တာတွေကို ၂၀၁၂ ခုနှစ်နောက်ပိုင်း ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေ မရှိပေမယ့် ဒီနှစ်မှာတော့ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ကျောင်းသားတွေကို လှိုင် နဲ့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့တို့က တရားစွဲဆိုတာဖြစ်ပါတယ်။

ကမာရွတ်မြို့နယ် ဆင်ရေတွင်းမှတ်တိုင်နဲ့ စိုက်ပျိုးရေးမှတ်တိုင်တွေကနေ ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ တကသ ရင်ပြင်ကို ချီတက်အလေးပြုခဲ့တဲ့ ဗကသကျောင်းသားတွေထဲက ကိုမင်းသွေးသစ်၊ ကိုစိုင်းသူဝင်း၊ မအိသီရိကျော်နဲ့ ကိုခန့်မင်းထက် တို့အပါအဝင် ခြောက်ဦးကို ကမာရွတ် ရဲစခန်းမှူးက ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာပါ။

အလားတူ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နဲ့ အင်းယားကန်ဘောင်ကနေ တကသ ရင်ပြင်ကို ချီတက်လမ်းလျှောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ်က တကသ ကျောင်းသား ကိုမင်းဟန်ထက်နဲ့ တကသ ကျောင်းသားဟောင်း ကိုဇင်မင်းဖြိုးတို့ကို လှိုင်မြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၉နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။