ဆဲဗင်းဇူလိုင်နေ့ ချီတက်သူကျောင်းသား နှစ်ဦး ထောင် ၇ ရက်ကျ
2019.08.20

ဆဲဗင်းဇူလိုင်အထိမ်းအမှတ် လမ်းလျှောက်ချီတက်ခဲ့တာကြောင့် ကျောင်းသား နှစ်ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ ရန်ကုန်၊ လှိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက် ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းနေရာအထိ လမ်းလျှောက်ချီတက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ကိုမင်းဟန်ထက်နဲ့ ကိုဇင်မင်းဖြိုးတို့ကို လှိုင်မြို့နယ် တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ကျောင်းသား နှစ်ဦးဟာ တရားစွဲခံရချိန်ကစပြီး အာမခံမယူခဲ့ ဖမ်းဆီးခံပြီး အမှုရင်ဆိုင်ခဲ့သူတွေဖြစ်ပါတယ်။
ဒီနေ့ တရားရုံးက ပြစ်ဒဏ်ချမှတ်ရာမှာ ချုပ်ရက်ခံစားခွင့်ပေးခဲ့တာကြောင့် ဒီနေ့ပဲ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျောင်းသား နှစ်ဦး ပြန်လည်လွတ်မြောက်မှာ ဖြစ်ပါတယ်။
တကသ ကျောင်းသားတွေနည်းတူ 7 July အခမ်းအနားတွေ ကျင်းပခဲ့တဲ့ ဗကသ ကျောင်းသား ခြောက်ဦးကိုလည်း ကမာရွတ်မြို့နယ် တရားရုံးမှာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားတာရှိပါတယ်။ အဲဒီအမှုကိုတော့ ဘယ်နေ့မှာ အမိန့်ချမယ်ဆိုတာ မသိရသေးပါဘူး။
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ပြီး စစ်တပ်က ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြကန့်ကွက်တဲ့ ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့မှာ လွတ်လပ်ရေး သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲဖျက်ဆီးခဲ့တဲ့နေ့ကို ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက နှစ်စဉ်နှစ်တိုင်း ကျင်းပနေ တာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)