တရားစွဲခံရတဲ့ တကသ ကျောင်းသားနှစ်ဦးကို သြဂုတ် ၂ဝ ရက်နေ့ အမိန့်ချမည်
2019.08.14

ဆဲဗင်းဇူလိုင်အထိမ်းအမှတ်နဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းနေရာအထိ လမ်းလျှောက်ချီတက်ခဲ့တာကြောင့် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ လှိုင်မြို့နယ်တရားရုံးမှာ တရားစွဲခံထားရတဲ့ တကသ ကျောင်းသား နှစ်ဦးကို လာမယ့် သြဂုတ်လ ၂၀ ရက်နေ့ အမိန့်ချမယ်လို့ တရားသူကြီးက ပြောလိုက်ပါတယ်။
တရားစွဲခံထားရပြီး အာမခံမယူတာကြောင့် ဖမ်းဆီးခံထားရတဲ့ ကိုမင်းဟန်ထက်နဲ့ ကိုဇင်မင်းဖြိုး တို့ကို လှိုင်မြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ရာမှာ အမှုကို နောက်ပတ်ရုံးချိန်မှာ အမိန့်ချမှာဖြစ်ကြောင်း တရားသူကြီးက ပြောလိုက်တာဖြစ်ကြောင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သွားရောက်ဝန်းရံခဲ့သူတွေက RFA ကို ပြောပါတယ်။
တကသ ကျောင်းသားတွေနည်းတူ 7 July အခမ်းအနားတွေကို ကျင်းပခဲ့တဲ့ ဗကသ ကျောင်းသား ၆ ဦးကိုလည်း ကမာရွတ်မြို့နယ် တရားရုံးမှာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားပါတယ်။
7 July နေ့ အခမ်းအနား ကျင်းပသူတွေကို တရားစွဲဆိုတာတွေ ရုပ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်ကို ဇူလိုင်လ ၂၀ ရက်နေ့က ရောက်ရှိချိန်မှာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေက ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပါတယ်။
အလားတူ စစ်ကိုင်းပညာရေး တက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေကလည်း ကျောင်းသား သမဂ္ဂအဖွဲ့ဝင်အဖွဲ့ဝင်တွေကို ဖမ်းဆီးတရားစွဲတာတွေ ရုပ်သိမ်းပေးဖို့ သြဂုတ်လ ၅ ရက်နေ့က စစ်ကိုင်းမြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။