တိုင်ရီဖိနပ်စက်ရုံမှာ အလုပ် သမားတွေ ထောင်နဲ့ချီ ဆန္ဒပြ
2015.02.13
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၁၈ဝဝ နီးပါးဟာ အခြေခံလုပ်ခလစာ ကျပ်သုံးသောင်းတိုးမြှင့်ပေးဖို့အတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဆန္ဒပြအလုပ်သမားတွေက လုပ်ခလစာတိုးပေးဖို့အတွက် စက်ရုံအတွင်းမှာ အလုပ်ရှင်နဲ့ တစ်လနီးပါးကြာ ညှိနှိုင်းခဲ့ပေမဲ့ သဘောတူညီမှုမရတာကြောင့် အခုလိုဆန္ဒပြ တောင်းဆိုတာဖြစ်တယ်လို့ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ မမိုးဝေက ပြောပါတယ်။
"အဓိကတောင်းတာကတော့ ကျမတို့ အလုပ်သမားတွေရဲ့ လူနေမှုစရိတ်နဲ့ ရည်မှန်းထားတဲ့ လုပ်ခလ စာတွေကြောင့်ပါရှင့်၊ အလုပ်ရှင်ဘက်ကတော့ တစ်နာရီကို စက်ရုံတွင်းညှိနှိုင်းရေးဆီမှာတော့ ၂ဝ ပေးပါတယ်၊ နောင်ပြန်ပေးတဲ့အချိန်မှာတော့ အစိတ်ပေးပါတယ်၊ ၁၉၅ ကျပ်အထိ အခုအချိန် မှာတော့ ရပါတယ်၊ ကျမတို့က ညှိနှိုင်းရေးအဆင်ဆင့်အထိတော့ ဖြတ်ကျော်ပြီးသွားပါပြီ၊ ကျမတို့က လက်ရှိမှာတော့ ဒီမှာအလုပ်သမားတွေကတော့ သပိတ်မှောက်ပြီးတော့ပဲ လုပ်ခလစာကို တောင်းဆိုဖို့ အစီအစဉ်ရှိတယ်၊ ဒါမှ ကျမတို့အလုပ်ရှင်သည် ကျမတို့ ကျေနပ်နိုင်တဲ့ လုပ်ခလစာတစ်ခုကို ပေးနိုင်မယ် ဆိုခဲ့ရင်လည်း ကျမတို့အလုပ်သမားတွေက အဆင်ပြေသွားလိမ့်မယ်"
အဲ့ဒီစက်ရုံမှာ အလုပ်သမားတစ်ယောက်ရဲ့ အခြေခံလုပ်ခလစာ တစ်လ ကျပ် ၈ သောင်းကျော်ကနေ ၁ သိန်းကျော်ရရှိကြတယ်လို့ သိရပါတယ်။ အဲ့ဒီစက်ရုံမှာ အလုပ်သမား ၁၈ဝဝ ကျော်ရှိပြီး ၁၈ဝဝ နီးပါးက ဆန္ဒပြနေတာကြောင့် စက်ရုံလည်ပတ်မှုကို ရပ်နားထားတယ်လို့လည်း သိရပါတယ်။