ဒီပဲယင်းနဲ့ ရေဦးက စစ်ဘေးဒုက္ခသည် တစ်သောင်းခန့် အကူအညီ လိုအပ်နေ
2024.11.15

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်ထဲက စစ်ဘေးဒုက္ခသည် တစ်သောင်းခန့်ဟာ ဆောင်းရာသီ ဝင်ရောက်လာတာကြောင့် အအေးဒဏ် ခံစားနေရပြီး အနွေးထည်နဲ့ စောင်တွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ပြောပါတယ်။
ဒီပဲယင်းမြို့နယ်က စစ်ဘေးဒုက္ခသည် ငါးထောင်ခန့်နဲ့ ရေဦးမြို့နယ်က စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် အအေးဒဏ်ကို ကာကွယ်ဖို့ အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေထဲက သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေဟာ ရာသီတုပ်ကွေးကြောင့် ဖျားနာတာတွေ ရှိနေတယ်လို့ ရေဦးအခြေပြု People's Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။
“အခြေအနေက မိုး၊ ဆောင်း အကူအပြောင်းမှာ ရာသီတုပ်ကွေးပေါ့။ များသောအားဖြင့်တော့ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေပေါ့။ ခြုံစောင်တို့၊ အနွေးထည်တော့ လုံလောက်မှုမရှိတော့ ဖျားနာတာ များတာဗျ”
ရေဦးမြို့နယ်ထဲမှာ နေအိမ် မီးရှို့ခံရတဲ့ မီးဘေးသင့်သူတွေ အပါအဝင် စစ်ဘေးဒုက္ခသည် တစ်သောင်းခန့်ရှိနေပြီး အဲဒီထဲက ငါးထောင်ခန့်ဟာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အလားတူ ဒီပဲယင်းမြို့နယ်မှာလည်း စစ်ဘေးဒုက္ခသည် ငါးထောင်ခန့်ဟာ အနွေးထည်၊ ခြုံစောင်နဲ့ စားနပ်ရိက္ခာ စတဲ့အကူအညီတွေ လိုအပ်နေတယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူ ကိုဖြိုးက RFA ကို ပြောပါတယ်။
“ဒီပဲယင်းမြို့နယ်ထဲမှာက လက်ရှိစာရင်းအရ စစ်ဘေးဒုက္ခသည်က အိမ်ထောင်စု တစ်ထောင်ကျော် ပျမ်းမျှအားဖြင့် လူဦးရေ ငါးထောင်ဝန်းကျင်လောက် ရှိနေတယ်ဗျ။ စစ်ရှောင်တွေက စားနပ်ရိက္ခာတောင် မလွယ်ကူတာ။ အခုလို ဆောင်းဝင်လာတော့ အနွေးထည်တို့၊ စောင်တို့ ဝယ်ဖို့က တော်တော်ခက်ခက်ခဲခဲ ဖြစ်နေတယ်”
အကူအညီ လိုအပ်နေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စစ်ကြောင်းတွေကြောင့် လနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်စစ်ကြောင်းထိုးမှု၊ နယ်မြေရှင်းလင်းရေးနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။