ဒီပဲယင်း NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို PDF ဖမ်းဆီးထား

RFA Burmese
2023.06.22
ဒီပဲယင်း NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို PDF ဖမ်းဆီးထား ဒီပဲယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမတ်ဟောင်း ဦးဝင်းမြင့်အောင်အား တွေ့ရစဉ်။
Hluttaw

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) က ဖမ်းဆီးထားတယ်လို့ PDF တပ်ဖွဲ့ တစ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို အတည်ပြုပါတယ်။

"ဖမ်းဆီးထားတာတော့ ဟုတ်ပါတယ်ဗျ။ တစ်ခါက သူ စစ်ကောင်စီကို အညံ့ခံစဉ်က ဖမ်းခံရတဲ့ကိစ္စတွေ ရှိထားတယ်လေ။ အဲဒီကိစ္စတွေရှိထားတော့ စစ်ဆေးမေးမြန်းဖို့ရာ ဖမ်းဆီးတဲ့သဘောနေမှာပါ"

ဦးဝင်းမြင့်အောင်ဟာ ဇွန်လ အစောပိုင်းက ရွှေဘိုမြို့ အကျဉ်းထောင်မှာ ထောင်ဝင်စာပို့ပြီး အပြန်လမ်းမှာ ပကဖ ရဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ နေ့ရက်နဲ့ နေရာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာ ဦးဝင်းမြင့်အောင်ကို စစ်ဆေးမေးမြန်းနေစဲဖြစ်တာကြောင့် အသေးစိတ် အချက်အလက်တွေကိုတော့ သိခွင့်မရသလို ပြောဆိုလို့မရဘူးလို့လည်း PDF တပ်ဖွဲ့ တစ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဦးဝင်းမြင့်အောင်ဟာ အာဏာသိမ်းပြီးနောက် တိမ်းရှောင်နေခဲ့ပြီး သူ့ရဲ့ဇနီး၊ သားနဲ့ ညီဖြစ်သူတို့ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဦးဝင်းမြင့်အောင်လည်း ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာ ခဲ့တာဖြစ်ပါတယ်။

အမတ်ဟောင်း ဦးဝင်းမြင့်အောင် အပါအဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ NLD ပါတီ ဗဟို ကော်မတီဝင်တွေဖြစ်ကြတဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်တို့ကို စစ်ကောင်စီကျင်းပ မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ အမည်ကို အလွဲသုံးစားလုပ် ပူးပေါင်း ဆောင်ရွက်တာတွေ ရှိတာကြောင့် NLD ဗဟိုအလုပ်ကော်မတီ (CWC) က မတ်လ ၃ ရက် နေ့က ထုတ်ပယ်ကြောင်း ကြေညာထားခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ ကာယကံရှင်တွေက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာ မရှိဘူးလို့ ငြင်းဆိုခဲ့ ဖူးပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။