တရားရုံးမှာ အစစ်မခံနိုင်ကြောင်း ဦးဝီရသူ လျှောက်ထားချက်ကို ကန့်ကွက်
2019.01.02

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း အမှုမှာ တရားလိုပြသက်သေဖြစ်တဲ့ ဆရာတော် ဦးဝီရသူဟာ တရားရုံးမှာ စစ်ဆေးမှုမခံယူဘဲ မဟာအောင်မြေမြို့နယ် သံဃမဟာနာယက ရုံးခန်းမှာသာ စစ်ဆေးပေးဖို့ မဟာအောင်မြေမြို့နယ် တရားရုံးထံ လျှောက်ထားချက်အပေါ် ကိုဆွေဝင်း ဖက်က ကန့်ကွက်လိုက်ပါတယ်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၀၆ အရ တရားရုံးကို လာဖို့ရာမှာ ဆရာတော်တွေဟာ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် တရားရုံးမှာ လာရောက်အစစ်မခံနိုင်ဘဲ မဟာအောင်မြေမြို့နယ် သံဃနာယက ဆရာတော်ဘုရားရဲ့ ရုံးခန်းမှာစစ်ပေးဖို့ တရားလိုဘက်က လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ ကိုဆွေဝင်းရဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်က RFA ကို ပြောပါတယ်။
အဲဒီလိုလျှောက်ထားခဲ့တဲ့အပေါ် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၀၆ အရ ဆောင်ရွက်ရမယ့် အချက်ထဲမှာ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ဆိုတဲ့ အချက်မပါဝင်တဲ့အတွက် ကန့်ကွက်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
တရားလိုပြသက်သေတွေဖြစ်တဲ့ ဆရာတော် ဦးဝီရသူ၊ မဟာအောင်မြေမြို့နယ် သံဃမဟာ နာယက ဥက္ကဋ္ဌ ဆရာတော်တစ်ပါးနဲ့ အမျိုးသားတစ်ဦး တို့ကို လာရောက်ထွက်ဆိုဖို့ တရားရုံးက ချိန်းဆိုခဲ့ပေမယ့် တစ်ဦးမှ လာရောက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့ မနက်ဖြန်မှာတော့ တရားရုံးက နှစ်ဖက်လျှောက်လဲချက်ကို ကြားနာမှာဖြစ်တယ်လို့ ဆိုပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော် ဦးဝီရသူက ဦးကိုနီကို သတ်သွားတဲ့ သူတွေအပေါ် ကျေးဇူးတင်စကားဆိုတာကို Myanmar Now သတင်းဌာနက သတင်းရေးသားခဲ့ပြီး အဲဒီသတင်းထဲမှာ ဦးဝီရသူက လူသတ်တာကို ချီးကျူးတဲ့အတွက် ပါရာဇိက ကျသွားပြီလို့ သံဃာတစ်ပါးရဲ့ မှတ်ချက်ပါရှိခဲ့ပါတယ်။
အဲဒီသတင်းကို ကိုဆွေဝင်းက မှတ်ချက် တစ်ခုနဲ့ ဖေ့ဘွတ် လူမှုကွန်ယက်မှာ ပြန်လည်ဝေမျှခဲ့တဲ့အပေါ် မဘသ ဦးဆောင် ဆရာတော်ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့၂၀၁၇ ခုနှစ် မတ်လက မဟာအောင်မြေမြို့နယ် အမှတ် (၇) ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ကိုဆွေဝင်းဟာ အမှုရင်ဆိုင်နေတာ တစ်နှစ်ခွဲနီးပါး ကြာမြင့်နေပြီး တရားခွင်မှာ တရားလိုပြသက်သေတွေဖက်က လာရောက်ဖို့ ပျက်ကွက်မှုတွေရှိနေတာကြောင့် အမှုစစ်ဆေးရာမှာ ကြန့်ကြာမှုတွေ ဖြစ်နေတာလို့ သိရပါတယ်။
တရားလိုပြသက်သေ ၁၃ ယောက် စစ်ဆေးဖို့ရှိတဲ့အနက်က ဒီနေ့ထိ ရုံးချိန်းပေါင်း ၅၀ နီးပါးရှိလာတဲ့အထိမှာ တရားလိုပြ သက်သေ ၅ ဦးသာ စစ်ဆေးနိုင်သေးတယ်လို့ ကိုဆွေဝင်းရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။