ဒေါ်အောင်ဆန်းစုကြည်နှင့် ချက်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး
2011.02.28

(Photo: AFP)
မစ္စတာ ဆွာဆင်ဘာ့ဂ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ရရှိခဲ့သူ ဖြစ်ပါတယ်၊ သူဟာ ချက်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်း-စုကြည်နဲ့ ချက်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးတာနဲ့ပတ်သက်ပြီး NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။
“ဟုတ်ကဲ့ ကျွန်တော်တို့ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ညနေ ၅ နာရီမှာ သူမနေအိမ်ကနေပြီးတော့ ချက်သမတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနဲ့ မိနစ် ၂၀ ကြာ တယ်လီဖုန်း ဆက်သွယ်ပြီးတော့ စကားပြောဆိုပါတယ်ခင်ဗျ။ ပြောဆိုချက် အသေးစိတ်ကို ကျွန်တော်တို့ ထုတ်ပြန်ကြေညာတာ မရှိပါဘူး။”
ဒီကနေ့ မွန်းလွဲပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီရုံးခန်းမှာ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပပျောက်ရေးအဖွဲ့က တာဝန်ရှိသူတဦးနဲ့လည်း တွေဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာမှာ မြေမြှုပ်မိုင်း ပပျောက်ရေး လုပ်ငန်းစဉ်တွေကို ထောက်ခံကြောင်း ပြောခဲ့တယ်လို့ NLD သတင်းပြန်ကြားရေးဌာနက ပြောပါတယ်။ အလားတူ ရန်ကုန်မြို့က ထင်ရှားတဲ့ ပန်းချီဆရာ လေးဦးနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သတင်း ရရှိပါတယ်။