ကိုမင်းကိုနိုင် ချက်သမ္မတနိုင်ငံကို ရောက်ရှိ


2013.10.01

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ ချက်သမ္မတနိုင်ငံမှာ ဒီနှစ်ပထမဆုံးကျင်းပမယ့် ဗားဆလပ်ဟာဗဲလ် လူ့အခွင့်အရေးဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့အတွက် ချက်နိုင်ငံကိုရောက်နေပြီလို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတာဝန်ခံ ကိုဇော်မင်း ခေါ် ကိုဘောင်းဘောင်းက RFA ကို အခုလိုပြောပါတယ်။

“ကိုမင်းကိုနိုင်က ဗားဆလပ်ဟာဗဲလ် လူ့အခွင့်အရေးဆု ပေးအပ်ပွဲအခမ်းအနားကို ဗားဆလပ်ဟာဗဲလ် ဖောင်ဒေးရှင်းကဖိတ်တာပါ၊ အဲဒီအခမ်းအနားကို သူသွားတက်မှာပါ၊ ကျန်တာကတော့ ချက်ကနေတဆင့် မြန်မာမိတ်ဆွေများ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနဲ့ အလျဉ်းသင့်သလိုတွေ့သွားမှာပါ”

ချက်နိုင်ငံက ကွယ်လွန်သူသမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကိုနှစ်စဉ်ပေးအပ်ဖို့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ချက်နိုင်ငံရဲ့ နန်းတော်မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆုကြေးအဖြစ် ယူရိုငွေ ၆ သောင်းရရှိမှာဖြစ်ပါတယ်။

အခုပထမဆုံးနှစ်အတွက်ဆုကိုတော့ ဘီလာရုစ်နိုင်ငံမှာ ထောင်ချခံထားရတဲ့ လူ့အခွင့်အရေးသမား Ales Byalyatski ကို ရွေးချယ်လိုက်ပါတယ်။ သူဟာ ဗီယားစနားလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူတစ်ဦးဖြစ်သလို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒုတိယဥက္ကဌလည်းဖြစ်ပါတယ်။ သူ့ကို ဘီလာရုစ်အစိုးရက အခွန်တိမ်းရှောင်မှုနဲ့ ၂၀၁၁ ခုနှစ်မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်ထားတာပါ။ ဒါဟာ အစိုးရက လီဆယ်လုပ်ကြံထောင်ချတာဖြစ်တယ်လို့လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြသလို၊ ဒီလုပ်ရပ်အတွက် ဘီလာရုစ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရံှုချထားပါတယ်။

ဗားဆလပ်ဟာဗဲလ်ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် တောက်လျှောက်အားပေးကူညီခဲ့သူဖြစ်သလို၊ ဒီဆုဟာလည်း လွတ်မြောက်ရေးအတွက် ရုန်းကန်လှုပ်ရှားနေသူတွေကို အားဖြစ်စေတာကြောင့် သ့ူအနေနဲ့ ကိုယ်တိုင်သွားရောက် အားပေးမှာဖြစ်တယ်လို့ ခရီးမထွက်ခင်ရက်ပိုင်းက ကိုမင်းကိုနိုင်က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။