မြန်မာနဲ့ ချက်နိုင်ငံ စီးပွားရေး တိုးမြှင့်ဖို့ရှိ
2019.06.05

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်နိုင်ငံ ပရာ့ဂ်မြို့ကို လာရောက်ရှိတဲ့ ခရီးစဉ်ကြောင့် မြန်မာနိုင်ငံနဲ့ ချက်နိုင်ငံအကြား စီးပွားရေးဆိုင်ရာဆက်ဆံမှု ပိုမိုကောင်းမွန်လာဖို့ရှိတယ်လို့ ပရာ့ဂ်မြို့ ရေဒီယိုက မနေ့က ကြေညာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့မှာ ချက်နိုင်ငံဝန်ကြီးချုပ် Andrej Babis အွန်ဒရေး ဘာဘစ်ဂျ် နဲ့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ စီးပွားရေး တိုးချဲ့ဖို့အတွက် နောက်ဆုံးနေရာသစ်ဖြစ်တဲ့အတွက် ချက်နိုင်ငံက လာရောက်ရင်းနှီးလုပ်ကိုင်ရန် စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် အွန်ဒရေး ဘာဘစ်ဂျ် က မြန်မာနိုင်ငံနဲ့ စီးပွားရေးတိုးမြှင့်ဖို့အတွက် စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီး Karel Havlicek ကရဲလ် ဟာဗလီချက်နဲ့အတူ မြန်မာနိုင်ငံကို အခု နွေနှောင်း သို့ ဆောင်းဦးရာသီမှာ သွားရောက်မယ်လို့ မနေ့က ကြေညာပါတယ်။
ချက်နိုင်ငံ ခေါင်းဆောင်တွေဟာ သူတို့နိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူဝါဒတွေချမှတ်ရာမှာ စီးပွားရေးကို ဦးစားပေးတဲ့ သံတမန်ရေးဝါဒကို ကျင့်သုံးဖို့ နှစ်ပေါင်းများစွာကတည်းက ထုတ်ဖော်ဝေဖန်ခဲ့ကြပြီးဖြစ်တယ်၊ မြန်မာနဲ့ ချက်နိုင်ငံနှစ်ခုအကြားမှာ စီးပွားရေးဆက်ဆံမှုတွေလည်း ရှေးမဆွကတည်းက ရှိခဲ့ပြီးဖြစ်ပါတယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခု ခရီးစဉ်ကတော့ ဒီကိစ္စအတွက် နှစ်နိုင်ငံခေါင်းဆောင်တွေ ပထမဆုံး လူချင်းတွေ့ပြီး ဆွေးနွေးတဲ့ပွဲ ဖြစ်ပါတယ်လို့ ပရာ့ဂ်ရေဒီယိုက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ ချက်နိုင်ငံဝန်ကြီးချုပ် အွန်ဒရေး ဘာဘစ်ဂျ် ကလည်း စီပွားရေးအပြင် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာလည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြောင်း နဲ့ မြန်မာနိုင်ငံကို ပံပိုးကူညီနေတဲ့ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီပမာဏဟာ ချက်နိုင်ငံ ကူညီကယ်ဆယ်ရေး ဘတ်ဂျက်ရသုံးငွေရဲ့ ၁ဝ% အထိ ရှိတယ်လို့ ပြောပါတယ်။
ချက်နိုင်ငံခြားရေးဝန်ကြီး Tomas Petricek တိုးမတ်စ် ပက်ထရေချက် က ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်္ဂါနေ့ မနေ့က တွေ့ဆုံခဲ့ရာမှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို သေချာစွာစောင့်ကြည့်နေကြောင်းနဲ့ ရိုက်တာ သတင်းထောက်တွေကို ပြန်လွတ်ပေးခဲ့တဲ့အတွက် ဝမ်းသာကြောင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ညနေပိုင်းမှာတော့ ချက်နိုင်ငံ သမ္မတ Milos Zeman မီးလို ဇီးမန် နဲ့တွေ့ဆုံခဲ့ပြီးနောက် ဟန်ဂေရီနိုင်ငံကို ခရီးဆက် ထွက်ခွာသွားပါတယ်။