ထိုင်းနိုင်ငံရောက် မြန်မာများအရေး ဒေါ်အောင်ဆန်းစုကြည် အားပေးပြောကြား
2010.12.01

ဗန်ကောက်အခြေစိုက် TAN ခေါ် ထိုင်း-အာဆီယံ သတင်းဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။
မြန်မာဒုက္ခသည်အရေးကို ကိုင်တွယ် ဖြေရှင်းရတာဟာ ထိုင်းနိုင်ငံအတွက် မလွယ်ကူတဲ့ ကိစ္စ ဖြစ်တယ် ဆိုတာကို နားလည်သဘောပေါက်ကြောင်း၊ မြန်မာဒုက္ခသည်တွေကို အခုအခါ အကူအညီတွေ ပေးနေတဲ့အတွက် ထိုင်းပြည်သူတွေကို အထူး ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မိမိတို့ဟာ ထိုင်းပြည်သူတွေနဲ့ အိမ်နီးချင်း မိတ်ဆွေကောင်းတွေ ဖြစ်လိုတယ်ဆိုတာကို သိစေလိုကြောင်း၊ ဒါ့အပြင် မိမိအနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေကို မေ့မထားကြောင်းနဲ့ မိခင်တိုင်းပြည်ကို အမြန်ဆုံး ပြန်လာနိုင်ဖို့အတွက် တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြုပြောကြားပါတယ်။
လက်ရှိ ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာစစ်အစိုးရနဲ့သာမကပဲ ဒီမိုကရေစီရေးအတွက် ဆောင်ရွက်နေကြတဲ့ အင်အားစုတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်ကစပြီး ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိလာတဲ့ မြန်မာဒုက္ခသည် အရေအတွက် ၁ သိန်းကျော် ရှိနေပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်းကျော် ရှိနေပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ထိုင်း-မြန်မာ နယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အစိုးရအကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် မြန်မာဒုက္ခသည်တွေ ထိုင်းနိုင်ငံဖက်ကို နောက်ထပ် ရောက်ရှိလာနေပါတယ်။