ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး
2013.05.24
လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးက ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံံံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ ကရုဏာလူမှုဘဝမြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားကလေးများ ပညာသင်ထောက်ပံ့ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုစီစဉ်တဲ့ ကရုဏာလူမှုဘဝမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာစိုးနောင်က အဲသလို ပြောကြားခဲ့တာပါ။
"ကလေးတွေကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ဘဝကို ဂရုစိုက်ပေးခြင်းအားဖြင့် လာမယ့် ၂ဝ၁၄၊ ၂ဝ၁၅ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလုပ်ငန်းကိုလုပ်နိုင်အောင် ကြိုးစားပြီးတော့ အကောင်အထည်ဖော်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ လာမယ့် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်းမှာ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျသွားမယ်၊ မှုခင်းတွေလည်းလျော့ကျသွားမယ်၊ ပိုပြီးတော့ အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမယ်"
ဆင်းရဲနွမ်းပါးသူ မိဘတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲက ဆင်းရဲသားလူတန်းစားတွေ အများစုနေထိုင်ကြတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေက ဆရာ၊ ဆရာမတွေ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။