NLD ခေါင်းဆောင်များ ကိုမင်းကိုနိုင်ထံ ထောင်ဝင်စာပို့ခွင့်မရ

ရှမ်းပြည်နယ်ကို စည်းရုံးရေးခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးအုန်းကြိုင်နဲ့ CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်တို့ ဦးဆောင်တဲ့ အဖွဲ့က ကျိုင်းတုံထောင်မှာ အကျဉ်းကျနေတဲ့ ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ ယောက်အတွက် အကူအညီ အထောက်အပံ့တွေကို ထောင်အာဏာပိုင်တွေက လက်မခံပဲ ငြင်းပယ်ခဲ့တယ်လို့ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

2010.11.03

“ပြည်နယ် စည်းကော်မတီဝင်နဲ့ တောင်ကြီး မြို့နယ် အတွင်းရေးမှူး ဒေါ်ခင်မိုးမိုး၊ နောက် ရှမ်းပြည်နယ် စည်းရုံးရေး ကော်မတီ အတွင်းရေးမှူး ကိုတင်ဝင်း၊ နှစ်ယောက်လုံးက ထောင်ဖွင့်ဖွင့်ချင်းပဲ မနက် ရုံးဖွင့်ဖွင့်ချင်းပဲ သူတို့က အဲဒီ အထုပ်တွေနဲ့ အထုပ် ၆ ထုပ် ယူသွားပြီးတော့ပေါ့၊ အစားအသောက် ပစ္စည်းတွေ ယူသွားပြီးတော့ ထောင်ပိုင်နဲ့ သွားပြီးတော့ တွေ့ခွင့်တောင်းတယ်။”

“ရည်ရွယ်ချက်ကလည်း ဒီ နိုင်ငံရေး အကျဉ်းသားတွေကို တခြားထောင်တွေမှာလည်း ဒီလိုပဲ အကျဉ်းသားတွေ ထောက်ပံ့ဖို့အတွက် ငွေသွင်းတာတို့ ဘာတို့ တချို့ထောင်တွေဆိုရင် ငွေကြေးတွေ ဘာတွေ သွင်းတာ လက်ခံပါတယ်။ အဲဒါလေး ထားပေးခဲ့ပါရစေ၊ အဲဒါလေး ပေးပေးပါလို့ သွား မေတ္တာရပ်ခံတယ်။ ထောင်မှာ ရှိတဲ့ ထောင်ဝါဒါထဲက တော်တော် ရိုင်းရိုင်းပျပျ မပေးနိုင်ဘူးပေါ့၊ ဒါ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး ဘာညာနဲ့၊ အဲဒါ ခင်ဗျားတို့ ပြန်ယူသွား၊ မထားလည်း မထားခဲ့နဲ့ မပေး ပေးနိုင်ဘူး ဘာညာ အဲလို ပြောတယ်။”

ကျိုင်းတုံထောင် တာဝန်ရှိ ဝန်ထမ်းက အခုလို လက်မခံ ငြင်းပယ်ခဲ့တဲ့အတွက် အဲဒီအထောက်အပံ့ ပစ္စည်းတွေကို တခြား ထောင်ဝင်စာ လာတွေ့သူတွေရဲ့ မိသားစုတွေကို ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။

NLD ခေါင်းဆောင်တွေရဲ့ ကချင်ပြည်နယ် ခရီးစဉ်တုန်းက မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့ခွင့် ရခဲ့တယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။

NLD ခေါင်းဆောင်တွေဟာ မနက်ဖြန်မှာ တောင်ကြီးထောင်မှာ ရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီနဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကူညီထောက်ပံ့ဖို့ စီစဉ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုလို နိုင်ငံရေး အကျဉ်းသားတွေအတွက် အထောက်အပံ့ မပေးနိုင်ခဲ့တာက လွဲလို့ ဒီခရီးစဉ်မှာ အားရ ကျေနပ်မှုတွေ ရခဲ့တဲ့အကြောင်း CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“တကယ် ဝေးလံခေါင်သီတဲ့ ဒေသ၊ မြို့စွန်နယ်စွန်က အဖွဲ့ဝင်များနဲ့ တိုင်းရင်းသားများဟာ ဒီ နိုင်ငံရေးအရသော်လည်းကောင်း၊ ပြည်ထောင်စု အရေးနဲ့ ပတ်သက်လို့ သော်လည်းကောင်း၊ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ သော်လည်းကောင်း တက်တက်ကြွကြွ ပါဝင်ပြီးတော့ ဆွေးနွေးကြတယ်၊ လာရောက်ပြီးတော့ တွေ့ဆုံပြီးတော့ အားတက်သရော ပြောကြဆိုကြ ဆွေးနွေးကြတာကို ကျွန်တော့အနေနဲ့ကတော့ ဒီအတွေ့အကြုံဟာ အလွန်ပဲ အားရကျေနပ်စရာ ကောင်းတယ်လို့ ပြောချင်ပါတယ်။”

ဦးအုန်းကြိုင်နဲ့ အဖွဲ့ဝင်တွေဟာ ဒီကနေ့ တောင်ကြီးမြို့ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး မနက်ဖြန်မှာ ညောင်ရွှေ မြို့ကို ခရီးဆက်ကာ နောက်တနေ့မှာ ရန်ကုန်မြို့ကို ပြန်မယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။