အောင်ဆန်းသူရိယဘွဲ့ရ မိသားစုဝင်တွေ တပ်မြေကျူးကျော်မှုနဲ့ တရားစွဲထောင်ချခံရ
2020.07.21
တပ်မတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ရခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ကွက်ချို ရွာက ဆွတ်ဗဟာဒူးရိုင်းရဲ့ မိသားစုဝင်တွေ အပါအဝင် ကျေးရွားသားငါးယောက်ကို တပ်မြေမှာ ကျူးကျော်လို့ ဆိုပြီး လွိုင်လင်မြို့နယ် ခ.လ.ရ (၁၂) တပ်က ဗိုလ်ကြီးဇော်မျိုးထွေးက တရားလိုလုပ်ပြီး တရားစွဲခဲ့တာမှာ သုံးဦးကို လွိုင်လင်မြို့နယ် တရားရုံးက ထောင်တစ်လစီ ချခဲ့ပါတယ်။
ကွတ်ချိုရွာဟာ ၁၉၁၃ ခုနှစ်ထဲက ဒေသတွင်း တိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်း၊ ပအိုဝ်းနဲ့ ဂေါ်ရခါးလူမျိုးတွေ စုပေါင်းနေထိုင်ခဲ့ကြတဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၉၁၃ မှာ အင်္ဂလိပ်အစိုးရက လွိုင်လင်ကို မြို့အဖြစ်တည်ခဲ့ပြီး လက်ရှိ ခြေလျင်တပ်ရင်း ခ.လ.ရ (၁၂) တပ်နေရာမှာ ပန်ချာပီစစ် ပလိပ်တပ်ရင်း (၁၇) ကို တည်ထားခဲ့တာလို့ ဆိုပါတယ်။
အဲဒီအချိန်ထဲက ကွတ်ချိုကျေးရွာ မြေနဲ့ ပန်ချာပီ ပလိပ်တပ်ရင်းမြေဟာ သီးသန့်စီရှိခဲ့တာလို့ ဒေသခံက ပြောပါတယ်။
၂၀၁၈ မှာ တပ်က မြေတိုင်းတာမှုတွေလုပ်ပြီး ၂၀၁၉ ဇန်နဝါရီလမှာ ခ.လ.ရ (၁၂) တပ်က တပ်မြေမှာပါဝင်လို့ ဖယ်ပေးရမယ်ဆိုပြီး အိမ်ထောင်စုငါးစုကိုခေါ်ပြီး ပြောခဲ့တာလို့ တရားစွဲဆိုခံရတဲ့ မိသားစုဝင်တွေထဲက မပေါ်ပီသရားက ပြောပါတယ်။
မပေါ်ပီသရားဟာဆိုရင် သူ့အမျိုးသားက လျှပ်စစ်ဝန်ထမ်းဖြစ်ပါတယ်။
တပ်ဘက်က တပ်မြေဧရိယာ ငါးဧကကျော်မှာ ပါဝင်တဲ့ အိမ်ထောင်စု ငါးစုက အိမ်ထောင်ဦးစီး တစ်ဦးစီကို တရားစွဲခဲ့တာဖြစ်ပြီး တရားစွဲခံရတဲ့အထဲမှာ တပ်မတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ရခဲ့တဲ့ တပ်သား စွတ်ဗဟာဒူးရိုင်းရဲ့ တူအကြီးဆုံးနဲ့ တူမအငယ်တို့လည်း ပါဝင်ပါတယ်။
မူလက သူတို့နေတဲ့နေရာတွေဟာ တပ်မြေမှာ မပါဝင်ပေမယ့် တိုင်းတာပြီးနောက်မှာ မြေပုံမှာ ပါဝင်လာတာလို့ မပေါ်ပီသရားက ရှင်းပြပါတယ်။
ရှစ်လကျော်ကြာ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က တရားစွဲခံထားရတဲ့ မိသားစုဝင် ငါးဦးထဲက လျှပ်စစ်ဝန်ထမ်း ဦးနိုင်နိုင်ထွန်း၊ ဆွတ်ဗဟာဒူးရဲ့တူ ဦးရာဂျမ်းနဲ့ ဦးဆူလ်နီးတို့ကို တရားရုံးက ထောင်တစ်လစီ ချမှတ်ခဲ့လို့ တောင်လေးလုံးအကျဉ်းစခန်းမှာ ပြစ်ဒဏ်ကျခံ နေရပါတယ်။
ကျန်တဲ့နှစ်ဦးထဲက တစ်ဦးက ပုံစံ (၇) ရှိနေလို့တပ်က အမှုရုပ်သိမ်းတာ ကျန်တစ်ဦးက မြေနေရာမှာ နေထိုင်ခြင်း မရှိတာကြောင့် အမှုကနေ လွတ်မြောက်ခဲ့တယ်လို့ မိသားစုဝင်တွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။
တရာစွဲခံရပြီး ထောင်ကျခဲ့ကြပေမယ့် သူတို့လက်ရှိနေတဲ့ နေရာကနေ ထပ်မံဖယ်ပေးရအုံးမယ့် အခြေအနေ ရှိနေပါတယ်။ နှစ်ပေါင်းဆယ်နဲ့ချီ ဒီနေရာမှာပဲနေလာတာမို့ ဒီနေရာမှာပဲ နေထိုင်ချင်တယ်လို့ ထောင်ကျခံနေရတဲ့ ဦးဆူလ်နီးရဲ့ဇနီးဖြစ်သူ နန်းစိန်ခမ်းက ပြောပါတယ်။
ဂေါ်ရခါးလူမျိုး ဆွတ်ဗဟာဒူးရိုင်းဟာ ကွတ်ချိုရွာဇာတိဖြစ်ပြီး ၁၉၅၀ ခုနှစ် တရုတ်ဖြူတွေနဲ့ တိုက်ပွဲမှာ တပ်မတော် ရိက္ခာယာဉ်တန်းကို ကာကွယ်ရင်း ကျဆုံးခဲ့တာကြောင့် တပ်မတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ကို ရခဲ့တာလို့ ဆိုပါတယ်။
တရားစွဲခံရတဲ့ မိသားစုတွေကို ကူညီပေးနေတဲ့ လွိုင်လင်မြို့ခံ ဦးခင်မောင်ညွန့်ကတော့ တရားစွဲခံရတဲ့ မိသားစုတွေဟာ တပ်မိသားစုဟောင်းတွေ ဖြစ်သလို နှစ်ပေါင်းမျာစွာထဲက ရွာမှာနေထိုင်ခဲ့ကြသူတွေဖြစ်လို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ သေချာဆုံးဖြတ်ပေးစေချင်တယ်လို့ ပြောပါတယ်။
တရားစွဲခံရတဲ့ ကိစ္စအတွက် RFA က ခလရ (၁၂) တပ်က တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် ဂိတ်တာဝန်ကျ တပ်မတော်သားတွေက အရာရှိမရှိကြောင်း တွေ့လို့မရကြောင်းသာပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်ထွန်းကို မေးမြန်းရာမှာတော့ သူ့အနေနဲ့ ဒီကိစ္စကို မသိသေးကြောင်းသာ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ခလရ (၁၂) တပ်က တပ်ပိုင်မြေအတွင်း မစိုက်ပျိုးရဆိုတဲ့ ဆိုင်းဘုတ်တွေ ထပ်မံ လာရောက်စိုက်ထူသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
လက်ရှိမှာ လွိုင်လင်မြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်တဲ့အပေါ် ခရိုင်တရားရုံးကို အယူခံဆက်တက်ဖို့ ပြင်ဆင်နေတယ်လို့ မိသားစုဝင်တွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ကိုစိုင်းသူရကိုကိုက ပြောပါတယ်။