LGBT အရေးလှုပ်ရှားသူ စူးရှရှင်းသန့် ထောင် ၂၂ နှစ် ထပ်ချခံရ၊ စုစုပေါင်း ၂၅ နှစ် ရှိလာ

RFA Burmese
2022.12.14
LGBT အရေးလှုပ်ရှားသူ စူးရှရှင်းသန့် ထောင် ၂၂ နှစ် ထပ်ချခံရ၊ စုစုပေါင်း ၂၅ နှစ် ရှိလာ LGBT အရေး တက်ကြွလှုပ်ရှားသူ စူးရှရှင်းသန့်အား တွေ့ရစဉ်။
LGBT Union _ Mandalay

LGBT အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ စူးရှရှင်းသန့်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က မန္တလေး အိုးဘိုထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂၂ နှစ် ချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အရင်ကလည်း တပ်တွင်းဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ-၅၀၅ (က) နဲ့ ထောင် သုံးနှစ် အမိန့်ချထားပြီး ဖြစ်တာကြောင့် အခုတစ်ကြိမ်နဲ့ဆိုရင် စုစုပေါင်း ထောင် ၂၅ နှစ် ကျခံရဖို့ရှိနေပါတယ်။

အသက် ၃၂ နှစ် အရွယ် စူးရှရှင်းသန့်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က မန္တလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့က ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် အိုးဘိုထောင်မှာ ချုပ်နှောင်ထားပြီး တပ်တွင်းဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ- ၅၀၅ (က)၊ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ-၅၀၅ (ခ)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည)၊ လူသတ်ရာမှာ ပူးပေါင်းကြံစည်မှု၊ အားပေးကူညီမှု ပုဒ်မ -၃၀၂/ ၁၁၄ တို့နဲ့ တရားစွဲခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ကတော့ အမိန့်ချဖို့ ကျန်နေသေးတဲ့ အမှု သုံးမှုထဲက ပုဒ်မ- ၅၀၅ (ခ) နဲ့ ပုဒ်မ- ၅၀ (ည) နှစ်မှုအတွက် ထောင် ၂၂ နှစ် ထပ်ချလိုက်တာလို့ စူးရှရှင်းသန့် မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"ဒီနှစ်ထဲမှာ ၅၀၅ (က) အတွက် ထောင်ဒဏ် သုံးနှစ် ချမှတ်ပြီးပြီ။ အခုက ၅၀၅ (ခ) အတွက် နှစ်နှစ်၊ အကြမ်းဖက်မှုအတွက် နှစ် ၂၀ ဆိုတော့ စုစုပေါင်း ၂၂ နှစ် ထပ်ချလိုက်တယ်။ အားလုံးပေါင်းရင်တော့ ၂၅နှစ် ချပြီးပြီ"

သူဟာ လူသတ်ရန် ပူးပေါင်းကြံစည်မှု၊ အားပေးကူညီမှုနဲ့ တရားစွဲခံထားရတဲ့ ပုဒ်မ -၃၀၂/၁၁၄ အမှုကိုလည်း ဆက်လက်ရင်ဆိုင်နေရပါတယ်။

လတ်တလောအနေအထားအရ ထောင်ထဲမှာ အနှစ် ၂၀ ကျော် အကျဉ်းချခံထားရမယ့် အနေအထားရှိတာကြောင့် သူ့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက်တွေကို အကျဉ်းထောင်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ပို့ဆောင်ပေးနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

LGBT အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ စူးရှရှင်းသန့်ဟာ အခုစွဲဆိုခံထားရတဲ့ ပြစ်မှုတွေကို ဘာတစ်ခုမှ ကျူးလွန်တာမျိုး မရှိဘူးလို့ စူးရှရှင်းသန့်ကို သိနေတဲ့ မန္တလေးမြို့က ရှေ့နေတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားတဲ့ လူငယ်တွေကို အကျဉ်းထောင်တွေ ထဲမှာ ရေရှည်ဖမ်းဆီးထားချင်တာကြောင့် အခုလို ထောင်နှစ်ရှည်တွေ ဆက်တိုက်ချမှတ် နေတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ အဲဒီရှေ့နေက RFA ကို ပြောပါတယ်။

"သူ့ကို ဆန့်ကျင်သူ ဘယ်သူမဆို ဖမ်းဆီးပြီး၊ နှစ်ရှည်ထောင်ဒဏ်ချပြီး၊ ထောင်ထဲမှာ နေခိုင်းတာပေါ့၊ ထောင်ထဲမှာပဲ သေအောင်ထားတဲ့ သဘောပေါ့၊ ပြောရရင်တော့ လမ်းပေါ်ထွက် သူ့ကို ဆန့်ကျင်နေတဲ့ လူငယ်တွေကိုကြောက်လို့ ထောင်ထဲထည့်ပြီး ထားတာပါပဲ"

စူးရှရှင်းသန့်ဟာ လိင်အင်္ဂါပြောင်းလဲထားတဲ့ LGBT အမျိုးသမီးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ Protection of Violence Against Women (POVAW) ဥပဒေကြမ်း ထွက်ပေါ်လာရေး အတွက် လှုပ်ရှားကြိုးပမ်းခဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူဟာ အာဏာမသိမ်းခင်က မန္တလေးတိုင်း လူငယ်ရေးရာကော်မတီမှာ ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး တဲ့နောက် မန္တလေးမြို့က လူထုဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှာ အင်အားသုံး ဖမ်းဆီးခံခဲ့ရတာပါ။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၂,၅၇၈ ဦး သေဆုံးပြီး ၁၃,၀၇၆ ဦး ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။