အာဏာသိမ်းပြီးနောက် LGBT ၁၇ ဦး သေဆုံးခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

2022.05.17
အာဏာသိမ်းပြီးနောက် LGBT ၁၇ ဦး သေဆုံးခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့ကြစဉ်
Photo: MPA

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ကြောင့် မြန်မာ တစ်နိုင်ငံလုံးမှာ အနည်းဆုံး LGBTIQ ၁၇ ဦး သေဆုံးခဲ့ပြီး နှစ်ဦးကတော့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

LGBTIQ ၈၅ ဦးထက်မနည်း အဖမ်းခံခဲ့ရပြီး ၅၀ ဦးလောက်ကလည်း ဖမ်း၀ရမ်းကြောင့် တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေလ ၁၇ ရက် ဒီနေ့ကို လိင်စိတ်တိမ်းညွတ်မှုများအပေါ် အခြေပြုတဲ့ ကြောက်ရွံ့မုန်းတီးမှု တွေကို ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့အဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ထားသလို လိင်တူချစ်သူတွေအပေါ် စိတ်ဝေဒနာ ခံစားနေရသူတွေအဖြစ် သတ်မှတ်ချက်ကိုလည်း ၁၉၉၀ ပြည့်နှစ် မေလ ၁၇ ရက်နေ့မှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပယ်ဖျက် ခဲ့တာပါ။

NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ခေတ်အဆက်ဆက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြတဲ့ LGBTIQ တွေအပေါ် ဦးညွတ်အလေးပြုတယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။

"လွတ်လပ်ခြင်း၊ လုံခြုံခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့အတွက် ခေတ် အဆက်ဆက်က အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော၊ တိုက်ပွဲဝင်နေကြသော LGBTIQ များကို ဦးညွတ်အလေးပြုအပ်ပါတယ်။ အခြေခံလူ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ၊ တန်းတူညီမျှရေးနဲ့ အပြန်အလှန်လေးစားတန်ဖိုးထားမှုတွေ ထွန်းကားပြီး လိင်စိတ် တိမ်းညွတ်မှုအပေါ်အခြေခံတဲ့ ကြောက်ရွံ့မုန်းတီးတွေ အမြန်ဆုံး ပပျောက်စေဖို့အတွက် LGBTIQ များနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိကဝတ်ပြုအပ်ပါတယ်"

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း သက်တံရောင်အလံ လွှင့်ထူထားပြီး မြန်မာနိုင်ငံမှာရှိတဲ့ LGBT အသိုက်အ၀န်းအားလုံးနဲ့အတူ ရပ်တည်ကြောင်း ပြသထားပါတယ်။

LGBT အရေးလှုပ်ရှားဆောင်ရွက်နေသူ မြင့်မြတ်က စစ်ကောင်စီကို အမြစ်ပြတ် တော်လှန်သွားဖို့ လိုတယ်လို့ ပြောပါတယ်။

"စစ်ကောင်စီရဲ့ လက်အောက်ကျရောက်နေတဲ့အချိန်မှာ တော်လှန်နေကြတဲ့အထဲမှာ LGBT တွေလည်း အပါအဝင်ပဲဖြစ်တယ်။ စစ်ကောင်စီက LGBT ဖြစ်တဲ့အတွက်ကြောင့် မို့ သူများထက်ပိုပြီး နှိပ်စက်တာ၊ ညှဥ်းပန်းတာ ဒါက အရှေ့မှာလည်း ကြုံခဲ့ရတာတွေ ရှိတယ်ပေါ့။ ဆိုတော့ ဒီနေ့မှာ ကျနော်တို့ဘဝတွေ၊ ကျနော်တို့ အခွင့်အရေးအတွက် စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ တော်လှန်သွားရမှာဖြစ်ပါတယ်"

ဒီနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံအနှံ့အပြားက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာ LGBT နေ့ အထိမ်းအမှတ်အနေနဲ့ပါ ထည့်သွင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။