မန္တလေး LGBT သပိတ်ခေါင်းဆောင်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသူတို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ
2023.06.29

လိင်စိတ်ခံယူမှု ကွဲပြားသူများသမဂ္ဂ (LGBT Union – Mandalay ) ဥက္ကဋ္ဌ ကိုဂျက်စတင် မင်းဟိန်းနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသူ မဝတ်ရည်အောင်တို့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတယ်လို့ LGBT အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတွေက ဇွန်လ ၂၉ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
မန္တလေး LGBT သပိတ်ခေါင်းဆောင်လည်းဖြစ်တဲ့ ကိုဂျက်စတင်မင်းဟိန်းကို ဇွန်လ ၂၈ ရက် မနေ့က ရာဇတ်သတ်ကြီး ပုဒ်မ - ၅၀၅(က)၊ ၅၀၅ (ခ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၀ (ည) တို့နဲ့ ထောင် ၁၀ နှစ်ချမှတ်လိုက်တာလို့ LGBT အရေးတက်ကြွ လှုပ်ရှားသူ စောဟန်နွေဦးက RFA ကို ပြောပါတယ်။
“စုစုပေါင်းကတော့ ဒီပုဒ်မတွေနဲ့ ၁၀ နှစ်ပေါ့။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကလည်း သူက အစကတည်းက အစာအိမ်ရောဂါရှိတယ်လေ။ အောင့်တတ်တယ်ဆိုတော့ ကျွန်မတော့ အဲဒါကို စိတ်ပူတယ်။ ခဏခဏအောင့်မှာပေါ့။ အထဲထဲမှာတော့ အစားအသောက် ဘာညာ၊ အဆင်ပြေမှာ မဟုတ်ဘူးဆိုတာသိတယ်။ နေရ ထိုင်ရတာတွေလည်း အဆင်ပြေမှာ မဟုတ်လောက်ဘူး”
ကိုဂျက်စတင်မင်းဟိန်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်မှာ ဖမ်းဆီးခဲ့ပြီး အမှုရင်ဆိုင်စဉ် တစ်နှစ်နီးပါးအတွင်း ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသူ မဝတ်ရည်အောင်ကတော့ ဇွန်လ ၂၇ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂ (က) နဲ့ ထောင်လေးနှစ် ထပ်မံ ချမှတ်လိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ်ထိ ဖြစ်လာတာပါ။
သူ့ကို အင်းစိန်ထောင်မှာ ချုပ်ထားပြီး ကျန်းမာရေး စောင့်ရှောက်ခွင့်မပေးတာကြောင့် စစ်ကြောရေးမှာ နှိပ်စက် ရိုက်နှက်ထားတဲ့ ဒဏ်တွေနဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၈ ရက်ထိ စာရင်းတွေအရ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၁၉၂၇၉ ဦး ထိန်းသိမ်းခံနေရဆဲ ဖြစ်ပြီး အဲဒီအထဲက ၆၅၉၉ ဦး ထောင်မိန့်တွေ ချမှတ်ခံထားရပါတယ်။