စစ်တပ်က ပစ်သတ်လို့ LGBT ခြောက်ဦးထက်မနည်း သေဆုံး၊ ၃၅ ဦး အဖမ်းခံထားရ
2021.06.25
အာဏာသိမ်းပြီးနောက် စစ်တပ်ကိုဆန့်ကျင်လို့ မတရားအကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သူတွေထဲမှာ LGBT လို့ခေါ်တဲ့ လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေ၊ အမျိုးသားကနေ အမျိုးသမီးအသွင် ပြောင်းလဲဝတ်ဆင် သူတွေလည်း ပါပါတယ်။
သူတို့တွေဟာ ဖမ်းဆီးခံရရင် လိင်ပိုင်းဆိုင်ရာ လှောင်ပြောင်သရော်ခံရတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ သူတွေနဲ့ LGBT အရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။
အမျိုးသားကနေ အမျိုးသမီးလို ဝတ်ဆင်တဲ့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က ကိုသော်ဇင် (ခေါ်) မိတ်ကပ်သော်သော်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်တာခံ ခဲ့ရပါတယ်။
ရပ်ကွက်ထဲက မင်္ဂလာဆောင်အတွက် ငှားထားတဲ့ မိတ်ကပ်ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ သွားပို့ရင်း အကြောင်း မဲ့ ပစ်သတ်ခံခဲ့ရတာလို့ အစ်မဖြစ်သူက RFA ကို ပြောပါတယ်။
"ကျမက နှလုံးရောဂါသည်ဆိုတော့ ကျမက အရင်သေမယ်မှတ်တာ၊ ကျမ နှလုံးရောဂါသမားက အရင်မသေဘဲနဲ့ တကယ်အားကိုးရတဲ့ ကျမမောင်လေးက သေသွားတယ်၊ ကျမမောင်လေးကို ကျမ မဖြေနိုင်ဘူး၊ မျက်ရည်ခုထိ မစဲရဘူး"
မိတ်ကပ်သော်သော်ဟာ လက်မောင်းနှင့် နံကြားကို ကျည်ဆန်သုံးချက်ထိမှန်ခဲ့ပြီး အချိန်မီဆေးကုသခွင့် မရတာကြောင့် သေဆုံးခဲ့တာလို့ မိသားစုက ပြောပါတယ်။
သူမိတ်ကပ်ပြင်ရာကရတဲ့ဝင်ငွေကို မိသားစုက အဓိက မှီခိုအားထားနေရတာမို့ ယူကျုံးမရ ဖြစ်မိတယ်လို့ အစ်မဖြစ်သူက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရဲ့သူတွေထဲ မိတ်ကပ် သော်သော်လို လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေ၊ အမျိုးသားကနေ အမျိုးသမီးအသွင် ဝတ်စားဆင်ယင်သူ LGBT တွေ ခြောက်ဦးထက်မနည်းရှိတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။
ဖမ်းဆီးခံထားရသူက ၄၅ ဦးရှိခဲ့ပြီး ၃၅ ယောက်ဟာ အခုထက်ထိ မြန်မာနိုင်ငံက ထောင်တွေထဲမှာ အဖမ်းခံထားရဆဲဖြစ်ပါတယ်။
"နင်တို့ အခြောက်မတွေ ဘာမှသုံးစားမရတာတွေ၊ ဒီအရေးအခင်းမှာ နင်တို့ ဘာဝင်ပါစရာလိုလဲ၊ နင်တို့နဲ့ ဘာဆိုင်လို့လဲလို့ ပြောတယ်၊ မဟားတရား အတင်းကို ကားပေါ်ဆွဲတင်တာ"
ရန်ကုန် ပုဇွန်တောင်မြို့နယ်မှာ နေထိုင်သူ အမျိုးသားကနေ အမျိုးသမီးလို ဝတ်စားဆင်ယင်တဲ့ မခိုင်ခိုင် ဆိုရင်လည်း စစ်အာဏာသိမ်း ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်တာကြောင့် ပြီးခဲ့တဲ့ ဧပြီလ လယ်ပိုင်းလောက်က ဖမ်းဆီးခံခဲ့ရပါတယ်။
ညအချိန်မတော် စစ်ကောင်စီတပ်သားတွေနေအိမ်မှာ လာဖမ်းသွားတာဖြစ်ပြီး မခိုင်ခိုင်ရဲ့ အသွင်ပြောင်း ဝတ်စားဆင်ယင်မှုတွေကို လှောင်ပြောင်သရော်ခဲ့တဲ့အပြင် ထိုးကြိတ်တာလည်းရှိခဲ့တယ်လို့ အမည်မဖော်လိုသူ သူ့ရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပြပါတယ်။
မခိုင်ခိုင်ဟာ လက်ရှိ အင်းစိန်ထောင်မှာ အမှုရင်ဆိုင်နေရတာပါ။ အမျိုးသမီးလို ပြောင်းလဲဝတ်ဆင်တာကို ကြိုက်နှစ်သက်တဲ့ မခိုင်ခိုင်ဟာ လက်ရှိ အင်းစိန်ထောင်တွင်းမှာတော့ အမျိုးသားလို ဝတ်ဆင်ရပြီး အမျိုးသားအဆောင်မှာ နေနေရတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့က လိင်စိတ်ခံယူမှုကွဲပြားသူ မမေသျှားဟာလည်း စစ်အာဏာဆန့်ကျင်ရေး သံပုံးတီးလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ၂၄ နာရီကြာ ဖမ်းဆီးခံခဲ့ရပါတယ်။
အမျိုးသမီးလို ဝတ်စားဆင်ယင်တာကို မြတ်နိုးတဲ့ မေသျှားကို ဖမ်းဆီးချိန်မှာ လှောင်ပြောင်ရိုက်နှက်ခဲ့တယ်လို့ သူက ပြောပါတယ်။
"နင်တို့ အခြောက်မတွေ ဘာမှသုံးစားမရတာတွေ၊ ဒီအရေးအခင်းမှာ နင်တို့ ဘာဝင်ပါစရာလိုလဲ၊ နင်တို့နဲ့ ဘာဆိုင်လို့လဲလို့ ပြောတယ်၊ မဟားတရား အတင်းကို ကားပေါ်ဆွဲတင်တာ၊ ကိုယ်လည်းလွတ်မလားဆိုပြီး ရုန်းကြည့်တယ်၊ ဆံပင်ကို ဆောင့်ဆွဲလှဲချတယ်၊ ကားပေါ်တက်ရင်လည်း မင်းယောင်္ကျားလိုတက်ဆိုပြီး ဆောင့်ကန်ချတယ်၊ မင်းယောင်္ကျား မဟုတ်ဘူးလားဆိုပြီး ရိုက်တယ်"
မမေသျှားဟာ LGBT အရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် NLD အရပ်သားအစိုးရ တက်လာပြီး နောက်ပိုင်း အတော်အတန်ပွင့်လင်းလာချိန်မှာ လိင်တူစုံမက်သူ LGBT တွေရဲ့ သဘောထားတွေကို မြန်မာလူ့ပတ်ဝန်းကျင်က လက်ခံနိုင်ဖို့ ကြိုးစားခဲ့တာ အတိုင်းအတာတစ်ခုထိ ခရီးပေါက်ခဲ့တယ်လို့ မမေသျှားက ပြောပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ LGBT တွေအပေါ် ဖိနှိပ်မှုတွေရှိလာတာမို့ အရင်ကာလတွေဆီ ပြန်ရောက်သွားမှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
"နဂိုကတည်းက အချိုးနှိမ်ခံ အဖိနှိပ်ခံဖြစ်ခဲ့တဲ့ LGBT တွေရဲ့ ဘဝလေး အခုမှ ကောင်းစားဖို့လုပ်တုန်း အညွှန့်တလူလူ တက်နေချိန်မှာ ရိုက်ချိုးခံလိုက်ရသလိုပါပဲ၊ အရင်အစိုးရတွေထက်စာရင် NLD အစိုးရလက်ထက်မှာ ပိုပွင့်လင်းလာတယ်လို့ ခံစားရတယ်၊ ကျမတို့ မပြောရဲတဲ့ စကားလုံးတွေ ပြောရဲလာတယ်၊ မထွက်နိုင်တဲ့အသံတွေ ထုတ်နိုင်တယ်၊ NLD အစိုးရလက်ထက်မှာ ကိုယ်တွေ ပညာပေးအလုပ်တွေ အဆင်ပြေနေမှ နောက်ဆက်လုပ်ဖို့တွေ တွေးနေတုန်းမှာ အာဏာသိမ်းလိုက်တော့ လူတိုင်းအကုန် အရုပ်ကျိုးပျက်တွေ ဖြစ်ကုန်တယ်"
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်ကို လမ်းမပေါ်ထွက် ဆန့်ကျင်ကန့်ကွက်ကြတဲ့သူတွေထဲ LGBT တွေလည်း အများစု ပါဝင်ခဲ့ပါတယ်။
အစောပိုင်း ဆန္ဒပြပွဲတွေမှာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တွေဟာ ဆန္ဒပြစစ်ကြောင်းတွေဖွဲ့ပြီး အသွင်သဏ္ဏန်မျိုးစုံဝတ် သရုပ်ပြကွက်တွေနဲ့ မြန်မာပြည်က ဆန္ဒပြပွဲတွေကို နိုင်ငံတကာက အာရုံစိတ်လာအောင် လုပ်ခဲ့ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို အခြေခံပြီးဖွဲ့ထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးရင် LGBT တွေကို ပိုပစ်မှတ်ထားနှိပ်စက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
"LGBT ဖြစ်လို့ ပိုပစ်မှတ်ထား နှိပ်စက်ခံရပါတယ်၊ ဘာလို့လဲဆိုတော့ LGBT တွေဆိုရင် အထင်သေးတဲ့ စိတ်၊ နှိမ့်ချလိုတဲ့စိတ်၊ နောက်တစ်ခါ သူတို့ပေါ်မှာ လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ အစွဲတွေနဲ့ ပိုပြီး လူမဆန်စွာ ဆက်ဆံခံထိနေတယ်၊ ပိုဆိုးတာက အမျိုးသားဖြစ်ရဲ့သားနဲ့ အမျိုးသမီးလို ပြောင်းလဲပြီး ဝတ်စားဆင်ယင် နေထိုင်တဲ့သူတွေကို အရင်ကတည်းက မုန်းတီးတာတွေရှိတယ်၊ ဒါကြောင့် ဒီလိုလူ တွေတွေ့ရင် သာမာန်ဖမ်းဆီးရုံတင်မကဘဲနဲ့ သူတို့နဲ့ ပတ်သက်ပြီး မလုပ်သင့်တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ၊ ပြောဆိုဆက်ဆံတာတွေ လုပ်ဆောင်တာ ပိုကြုံရပါတယ်”
NUG အစိုးရအနေနဲ့ ကလေး၊ အမျိုးသမီးနဲ့ LGBT တို့လို လူနည်းစုတွေအတွက် ပိုပြီးအကာအကွယ် ပေးသွားမယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
လူသားအားလုံးကို ကာကွယ်ပေးဖို့ ရည်ရွယ်ပါတယ်၊ အမျိုးသမီးတွေ၊ LGBT တွေ၊ ကလေးတွေက ပိုပြီး ဒုက္ခခံစားနေရတယ်၊ လူနည်းစု တိုင်းရင်းသားတွေထဲမှာ ပိုခံရတယ်၊ ပိုခွဲခြားခံ နှိပ်စက်ခံ စော်ကားခံရသူ တွေဘက်က အဖြစ်အပျက်တွေကို ကျနော်တို့ ပိုတင်ပြပါမယ်။
ဦးအောင်မျိုးမင်းဟာ မြန်မာနိုင်ငံက အစိုးရအဖွဲ့ထဲမှာ မရှိခဲ့ဖူးတဲ့ ပထမဆုံး LGBT လို့ခေါ်တဲ့ လိင်တူစုံမက်သူ ဝန်ကြီးတစ်ဦးဖြစ်ပါတယ်။
ဖမ်းဆီးခံရစဉ်မှာ LGBT တွေ လိင်ပိုင်းဆိုင်ရာ လှောင်ပြောင်စော်ကားခံနေရတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြောဆိုချက်ကို သိနိုင်ဖို့ RFA က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ပါဘူး။
LGBT အရေး တက်ကြွလှုပ်ရှားသူ မရှင်းသန့်ကတော့ "ဖမ်းတဲ့ ဆီးတဲ့အခါမှာ ကျမတို့ ဘယ်သူ့ကို သွားတိုင်မလဲ၊ ဒါအမှောင်ခေတ် ကျမတို့ငယ်ငယ်က ဒီမိုကရေစီ မရောက်ခင်၊ စစ်အစိုးရ လက်ထက် တုန်းက ခေတ်ကိုတည့်တည့်မတ်မတ် ပြန်သွားနေတယ်၊ အခွင့်အရေး ချိုးဖောက်မှုတွေကလည်း သိသိသာသာကြီးကို လုပ်နေတယ်၊ ဒီလိုအခြေအနေမျိုးမှာ စစ်တပ်ကိုလွန်ဆန်ပြီး ဘယ်သူမှ တိုင်ကြားလို့ မရဘူး၊ တရားမျှတမှု မရှိဘူးဆိုတာ ပြနေတယ်၊ ခေတ်နောက်ပြန်သွားတာ ဒီမိုကရေစီ ဆုတ်ယုတ်တာကို ကျမတို့ မလိုချင်တာကတော့ အမှန်ပဲ" လို့ ပြောပါတယ်။
တကယ်တော့ ဒီဇွန်လဟာ LGBT လို့ခေါ်တဲ့ လိင်တူစုံမက်သူတွေကို ဂုဏ်ပြုတဲ့လအဖြစ် အနောက်နိုင်ငံ တွေမှာ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေကို ဆင်နွဲနေကြတာဖြစ်ပါတယ်။
NLD အစိုးရ လက်ထက်မှာ ဇွန်လရောက်တိုင်း LGBT ပွဲတော်တွေကို မြန်မာနိုင်ငံက LGBT တွေ ပါဝင် ဆင်နွဲလေ့ရှိကြပေမယ့် ဒီတစ်နှစ်မှာတော့ အများနည်းတူ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတာ ဖြစ်ပါတယ်။