ပိတ်ဆို့အရေးယူမှုဆိုင်ရာ NLD သဘောထား ၈၈ ကျောင်းသားများအဖွဲ့ထောက်ခံ
2011.02.09

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ထောက်ခံမှုနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦး ဖြစ်တဲ့ ကိုစိုးထွန်းက RFA ကို အခုလိုပြောပါတယ်။
“နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးတော့ အားလုံး ချွင်းချက်မရှိ လွှတ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်ရာလည်း ရောက်တယ်၊ ပြီးတော့ ကျွန်တော်တို့ စီးပွားရေး ပိတ်ဆို့မှုတွေကိုလည်း ဒါက တစတစ ပြန် ဖြေလျှော့ဖို့ အတွက်ကို ဒါ ကောင်းမွန်တဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ကျွန်တော်တို့ အလေးအနက် ထားပြီး ပြောချင်ပါတယ်။ အဲဒါကြောင့်လည်း ဒါ ကျွန်တော်တို့ ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်ကို ကျွန်တော်တို့ အနေနဲ့ လက်ခံပါတယ်၊ ထောက်ခံပါတယ်လို့ ပြောချင်ပါတယ်။”
စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ စီမံခန့်ခွဲ သုံးစွဲမှုမှာ ကာကွယ်ရေး စရိတ်ကို အလွန်အမင်း သုံးနေပြီး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍကို ၂ ရာခိုင်နှုန်းလောက်ပဲ သုံးနေတဲ့အတွက်လည်း တိုင်းပြည် ချွတ်ခြုံ ကျရတာလို့ ကိုစိုးထွန်းက ထောက်ပြပါတယ်။
ဒါကြောင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဖယ်ရှားနိုင်ရေးအတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့နဲ့ တရားမျှတ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု လိုအပ်တယ်လို့ ဆိုပါတယ်။
စစ်အစိုးရအနေနဲ့ အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်မယ်ဆိုရင် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားရေးအတွက်လည်း လွယ်ကူသွားလိမ့်မယ်လို့ ကိုစိုးထွန်းက ပြောပါတယ်။
အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ စစ်ခေါင်းဆောင်တွေ အပေါ် ဖိအားပေးတဲ့အနေနဲ့ ဒဏ်ခတ်အရေးယူမှုကို အမေရိကန်နိုင်ငံက ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်က ပြောထားပါတယ်။
တဆက်တည်းမှာလည်း မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ အီးယူ ဥရောပ နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ ပြစ်ဒဏ်ခတ်မှုကြောင့် တိုက်ရိုက် အထိခိုက်ဆုံး စီးပွားရေးကဏ္ဍဟာ အထည်ချုပ် လုပ်ငန်းဖြစ်ပြီး၊ ၈၀ ရာနှုန်း ထိခိုက်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။
စီးပွားရေးပိတ်ဆို့မှု မတိုင်ခင်က မြန်မာနိုင်ငံကနေ အမေရိကန်ကို ဒေါ်လာသန်း ၄၀၀ ဖိုး အဝတ်အထည်တွေ တင်ပို့နေခဲ့ရတဲ့အတွက် စီးပွားရေး ပိတ်ဆို့မှုကြောင့် သန်း ၄၀၀ ဈေးကွက် ပျောက်သွားခဲ့ရတယ်လို့ သူက ပြောပါတယ်။
ဦးမြင့်စိုးကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဦးမြင့်စိုးနှင့် ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |
မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျမှုဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် မဟုတ်ဘူးလို့ NLD ရဲ့ လေ့လာသုံးသပ်ချက် စာတမ်းမှာ ဖော်ပြထားပါတယ်။ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ သဘောထား ရှိသူတွေဖက်ကတော့ စီးပွားရေး ဒဏ်ခတ်မှုကြောင့် တိုးတက်ဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးနစ်နာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့စီးပွားရေး ကျဆင်းလာတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ သဘောထားအမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
![]() |
စီးပွားရေး ပြစ်ဒဏ်အပေါ် သဘောထားအမြင်များ |
![]() |
အသံဖိုင်ယူရန် |