ကျောင်းရပ်နားခံရတဲ့ ကျောင်းသား ကျောင်းသူ ၄၀ ဦး အထိရှိလာ
2018.01.29

ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှုကြောင့် ဒီနေ့အထိ ပညာသင်ခွင့် ရပ်နားခံရတဲ့ ကျောင်းသား ကျောင်းသူဦးရေ ၄၀အထိ ရှိနေပြီလို့ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး တိုက်ပွဲကော်မတီဝင် ကိုရဲမျိုးဆွေ က ဒီနေ့ ပြောပါတယ်။
ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်း ပညာရေးတက္ကသိုလ် နဲ့ မိတ္ထီလာ တက္ကသိုလ်က ကျောင်းသား ၄ ယောက် ကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူတွေက ဒီနေ့ မနက်မှာ ခေါ်ယူတွေ့ဆုံပြီးနောက်မှာ ကျောင်းကနေ ထွက်ခဲ့ရ တာဖြစ်တယ်လို့ ကိုရဲမျိုးဆွေ က ပြောပါတယ်။
"ဒီနေ့မှာ ကျောင်းသားတွေကို အစည်းအဝေး ခေါ်ပြီး ပြောတယ်၊ စစ်ကိုင်း ပညာရေး ပါမောက္ခချုပ်က ကျောင်းသားတွေကို ခေါ်ပြီးတော့ တွေ့ပြီးတော့ စာတွေပေးလိုက်တာ၊ နောက်မလုပ်တော့ပါဘူး၊ ဒီလို ဆူပူလှုပ်ရှားမှုတွေမှာ မပါတော့ဘူး၊ ဆရာ၊ ဆရာမတွေ စကား၊ စည်းမျဉ်း စည်းကမ်းတွေ နားထောင်မယ်ဆိုတဲ့ ခံဝန်ထိုးမလား ထွက်မလားပေါ့၊ အဲတော့ ကျောင်းသားတွေက ထွက်လာကြတာ"
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့က မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်အတွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဆန္ဒပြတောင်းဆိုရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၇၂ ယောက်ထဲက ဒီနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၄၀ ယောက်ကို သက်ဆိုင်ရာကျောင်းတွေကနေ ပညာသင်ကြားမှု ရပ်နားလိုက်တာဖြစ်ပါတယ်။
ကျောင်းထုတ်ခံရတဲ့ ဆန္ဒပြကျောင်းသား၊ ကျောင်းသူတွေက မိုးညှင်း ဒီဂရီကောလိပ်က ၄ ယောက်၊ ရတနာပုံ တက္ကသိုလ်က ၁၄ ယောက်၊ ရမည်းသင်းက ၁၁ ယောက်၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်က ၆ ယောက်၊ မိတ္ထီလာ တက္ကသိုလ်က ၁ ယောက်၊ မိတ္ထီလာ နည်းပညာတက္ကသိုလ်က ၁ ယောက် ၊ စစ်ကိုင်း ပညာရေးက ၃ ယောက် စုစုပေါင်း အယောက် ၄၀ ထိရှိပြီဖြစ်ပါတယ်။