မဖြူနှင်းထွေး လွတ်မြောက်ရေး ဗကသများအဖွဲ့ချုပ် တောင်းဆို
2014.09.18

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မှာ ဒေသခံတွေနဲ့အတူ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင် ငံသား ၂ ဦးကို ခေတ္တထိန်းသိမ်းရာမှာ ပါဝင်ခဲ့တဲ့ အတွက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ မဖြူနှင်းထွေး ကိုလွှတ်ပေးဖို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က နိုင်ငံရေးသိပ္ပံကျောင်း မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက အဲဒီလို တောင်းဆိုခဲ့တာပါ။
"ကျနော်တို့ မဖြူနှင်းထွေး အမြန်ဆုံး လွှတ်မြောက်ရေး အတွက် နည်းလမ်းမျိုးစုံသုံးပြီး ဆောင်ရွက်သွားမယ် လို့ ကျောင်းသားတွေရဲ့ ဖိအားပေးပြီး တောင်းဆို လှုပ်ရှားမှုတွေလည်း ရှိလာနိုင်တယ်၊ တရားစွဲထားတဲ့ ဖက်ကလူတွေကို မေးခွန်းတွေမေးမယ်၊ စိစစ်မယ်၊ ဘာကြောင့်တရားစွဲတာလဲ၊ ချက်ချင်းအမှုကို ရုပ်သိမ်းပေးပါလို့ တောင်းဆိုတာတွေလုပ်မယ်၊ တရားဥပဒေပြုရေး အခန်းကဏ္ဍမှာရှိတဲ့ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စာပေးတာတွေ၊ လူ့အခွင့်အရေးကော်မရှင်တွေကို စာပို့တာတွေ ကျနော်တို့လုပ်ရမယ်၊ နိုင်ငံတကာကနေ မဖြူနှင်းထွေး လွှတ်မြောက်လာရေးအတွက် အစိုးရအပေါ်မှာ ဖိအားပေးအောင် တောင်းဆိုသွားတာတွေလုပ်မယ်"
မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လာမယ့် စက်တင်ဘာ ၂၃ ရက်နေ့မှာ ယင်းမာပင်ခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။
လက်ပံတောင်းတောင်မှာ ဒေသခံတွေနဲ့ အတူရှိနေသူ ကိုအောင်စိုးကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အတွက် ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့က တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဝန်ထမ်း ၂ ဦးကို ဒေသခံတွေက ခေတ္တထိန်းသိမ်း ခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဒေသခံတွေနဲ့အတူရှိခဲ့တဲ့ မဖြူနှင်းထွေးနဲ့ ရွာသား ၆ ဦးကို တရားစွဲခဲ့တာဖြစ်ပြီး တရားရုံးချိန်း တက်ရောက်ခဲ့တဲ့ ရွာသား ၅ ဦးကို အမှုကနေပလပ်ပေးခဲ့ပေမဲ့ တရားရုံးချိန်းမတက်ခဲ့တဲ့ မဖြူနှင်းထွေးနဲ့ ရွာသားတစ်ဦးကို ဝရမ်းပြေးအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။
မဖြူနှင်းထွေးဟာ ရတနာပုံတက္ကသိုလ်မှာ မြန်မာစာဘာသာရပ်ကို တက်ရောက်သင်ကြားနေသူဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။