ဓာတ်ပုံသတင်းထောက်နဲ့ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ထောင်သုံးနှစ် ချမှတ်ခံရ

2022.03.31
ဓာတ်ပုံသတင်းထောက်နဲ့ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ထောင်သုံးနှစ် ချမှတ်ခံရ ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း
Photo - CJ

ဓာတ်ပုံသတင်းထောက် ကိုဖိုးသားနဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မလင်းလင်း တို့ကို မတ်လ ၃၁ ရက် ဒီကနေ့ ရန်ကုန် အင်းစိန်ထောင်တွင်း တရားရုံးကနေ အလုပ်နဲ့ ထောင် ၃ နှစ် ချမှတ်လိုက်တယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတွေက RFA ကိုပြောပါတယ်။

ကိုဇော်လင်းထွဋ်(ခ) ဖိုးသားနဲ့ မဆုရည်လင်း (ခ) လင်းလင်း တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တာလို့ ဆိုပါတယ်။

သူတို့ နှစ်ယောက်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ အသွားလမ်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးပြီး သုံးလကျော်အကြာမှာ ထောင်ဒဏ်တွေ ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

မလင်းလင်းဆီကို မိသားစုက ပေးပို့တဲ့ ထောင်ဝင်စာတွေ မရောက်ဘူးလို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မလင်းလင်းဟာ နှလုံးမကောင်းလို့ ထောင်တွင်းမှာ ဆေးကုသနေရတဲ့အတွက် ကျန်းမာရေး စိုးရိမ်ရတယ်လို့လည်း ဆိုထားပါတယ်။

အလွတ် ဓာတ်ပုံသတင်းထောက် ကိုဖိုးသားဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေတဲ့သူ ဖြစ်ပါတယ်။

မလင်းလင်းကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ သပိတ်တွေကို ဦးဆောင်ခဲ့တဲ့သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။