ဒဂုံတက္ကသိုလ် ကျောင်းသား နှစ်ဦး ထောင် ၃ နှစ် အမိန့်ချခံရ

ထောင် ၃ နှစ်ချခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား  မောင်ဇင်လင်းအောင် နှင့် မောင်မောင်မင်းခန့် ကို တွေ့ရစဥ်
ထောင် ၃ နှစ်ချခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား မောင်ဇင်လင်းအောင် နှင့် မောင်မောင်မင်းခန့် ကို တွေ့ရစဥ် (Photo: Dagon University Students' Union)

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုဇင်လင်းအောင်နဲ့ ကိုမောင်မင်းခန့်တို့ဟာ လှည်းကူးမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ မတ်လ ၂၉ ရက် မနေ့က ထောင်ဒဏ် သုံးနှစ်စီ အမိန့်ချခံလိုက်ရတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

သူတို့နှစ်ဦးလုံးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာမှာ ပါဝင်ခဲ့ကြပြီး ပြီးခဲ့တဲ့နှစ် ဇွန်လ ၈ ရက်က အဖမ်းခံခဲ့ရတာလို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က RFA ကို ပြောပါတယ်။

"ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသား ဆန္ဒပြပွဲတွေမှာ အစဉ်တစိုက် ပါဝင်ခဲ့တယ်။ ဇွန်လမှာ သူတို့က လှည်းကူး ဘက်မှာ သူတို့သူငယ်ချင်းနဲ့တွေ့ဖို့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်းမှာပဲ သူတို့ နှစ်ယောက်ကို အရပ်ဝတ်တွေက သေနတ်နဲ့ထောက်ပြီးတော့ ဖမ်းသွားခဲ့တယ်။ သူတို့ တွေဟာ ဆန္ဒပြမှုတွေမှာ ပါဝင်တယ်ဆိုတဲ့ ဓာတ်ပုံသက်သေတွေနဲ့ အခုလို ၅၀၅ နဲ့ အဖမ်း ခံရတယ်လို့ သုံးသပ်ထားပါတယ်"

ကိုဇင်လင်းအောင်က ရုက္ခဗေဒ၊ ကိုမောင်မင်းခန့်က သတ္တဗေဒ ဘာသာရပ်နဲ့ နှစ်ယောက်စလုံး ဒဂုံ တက္ကသိုလ်မှာ ဒုတိယနှစ် တက်နေကြသူတွေ ဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒဂုံတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး အဖမ်းခံခဲ့ရပြီး သူတို့ အထဲက ၇ ဦးဟာ ထောင်ဒဏ် ၁၀ နှစ်၊ တစ်သက်တစ်ကျွန်းနဲ့ သေဒဏ် စတဲ့ ပြင်းထန်တဲ့ စီရင်ချက်အမိန့်တွေ ချမှတ်ခံထားရတယ်လို့ ကိုမင်းဟန်ထက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကလည်း ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကိုရဲလင်းဦး၊ ကိုနေထက်လင်းနဲ့ မဝတ်ရည်အောင်တို့ဟာ အင်းစိန်ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အလုပ်နဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၄၀၀ ကျော်အတွင်း သေဒဏ် ချမှတ်ခံထားရသူ ၁၀၃ ဦး၊ ထောင်ဒဏ် တစ်သက်အပါအဝင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူက ၇၂ ဦး တို့ဖြစ်ပြီး ပြစ်ဒဏ်ချခံထားရသူအများစုဟာ တက္ကသိုလ်ကျောင်းသား တွေဖြစ်ပြီး အသက် ၂၃ နှစ်ကနေ ၂၇ နှစ်ကြား လူငယ်တွေ ဖြစ်ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ထား ခြင်းခံရသူ စုစု ပေါင်း ၉၉၈၄ ဦးရှိနေပြီလို့ ဆိုပါတယ်။