ပြစ်ဒဏ်ချမှတ်ခံထားရသူ ၅၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း အတိုင်ပင်ခံရုံး ထုတ်ပြန်


2018.05.27
muslim-return-622.jpg အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သူတွေကို ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြသူတွေဟာ တရားမဝင် လမ်းကြောင်းကနေ ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်လာတဲ့အတွက် ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရသူ ၅၈ ဦး ကို နိုင်ငံတော် သမ္မတ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့ခြင်း ရှိ မရှိ စိစစ်ပြီးတဲ့နောက် ပြစ်ဒဏ်ချမှတ်ခံထားရသူ ၅၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီး တရားရင်ဆိုင်နေရသူ ၄ ဦး ကို အမှုရုတ်သိမ်းပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ မိမိဆန္ဒသဘောထားအလျောက် မြန်မာနိုင်ငံထဲ ပြန်ဝင်လာကြသူတွေဖြစ်တဲ့အတွက် တရားမဝင် ဝင်ရောက်လာသူတွေကို ဒေသခံအဖွဲ့အစည်းတွေက ဖမ်းဆီးကာ အချို့ကို ပြစ်ဒဏ်ချမှတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ လည်း ပါရှိပါတယ်။

သူတို့ဟာ လိုအပ်တဲ့ပုံစံတွေ ဖြည့်သွင်းဖို့ကိစ္စနဲ့ မြန်မာအစိုးရက ဖွင့်လှစ်ထားတဲ့ လက်ခံရေးစခန်းတွေကနေ ပြန်လည်ဝင်ရောက်ရမယ်ဆိုတာတွေကို မသိရှိကြဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သူ ၅၈ ဦးနဲ့ တရားစွဲဆိုမှု ရုပ်သိမ်းခဲ့သူ ၄ ဦး စုစုပေါင်း ၆၂ ဦးကို မနေ့က ဘူးသီးတောင် ကနေ ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို ပို့ဆောင်ပေးခဲ့ပြီး နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့အညီ လိုအပ်တဲ့ပုံစံ ဖြည့်သွင်းတာတွေ၊ စီစစ်တာတွေ ပြုလုပ်ပြီးနောက် လှဖိုးခေါင်ကြားခံစခန်းမှာ ယာယီနေရာချထားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ထံ ဆက်သွယ်ပေ မယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။